သီပေါ-လားရှိုးလမ်းပိုင်းပေါ်ရှိ ပန်စောက်တံတား ပြင်ဆင်ပြီးစီး၊ ဒေသတွင်းခရီးသွားယာဉ်များ ဖြတ်သန်းနေပြီ

0
82

ရှမ်းပြည်နယ်မြောက်ပိုင်း၊သီပေါ-လားရှိုးလမ်းပိုင်းပေါ်ရှိ ဆွတ်လန်းကျေးရွာအနီးရှိ ပန်စောက်တံတား ပြင်ဆင်ပြီးစီးဖြစ်သဖြင့် ယမန်နေ့ ဩဂုတ် (၂၁)ရက်တွင် ဒေသတွင်းခရီးသွားယာဉ်များဖြတ်သန်းနေပြီဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။

“တံတားဖြတ်လို့ရတော့ သီပေါဘက်က လားရှိုးကို လာတဲ့ ယာဉ်‌တွေ အဆင်ပြေသွားပြီ။ ခရီးလည်းတို လမ်းပိုင်းမှာလည်း ကွင်းလမ်းတွေ လျှောက်မမောင်းရတော့ အန္တရာယ်လည်းကင်းတာပေါ့။” ဟု ဒေသခံ ယာဉ်မောင်းတစ်ဦးက ဆိုသည်။

အဆိုပါ ဆွတ်လန်းတံတားမှာ ၁၀၂၇ ဒုတိယအကြိမ်တိုက်ပွဲအတွင်း မိုင်းခွဲဖျက်ဆီးခံခဲ့ရခြင်းကြောင့် ပျက်ဆီးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဆွတ်လန်းတံတားအား ဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပြန်လည်ပြုပြင်ပေးခဲ့ခြင်းကြောင့် လက်ရှိတွင် သီပေါ-လားရှိုး လမ်းပိုင်း ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် လားရှိုး-သီပေါ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မူလစဉ့်အင်တံတားမှ ပြန်လည်ဖြတ်သန်းနိုင်ရန် ပြုပြင်လျက်ရှိပြီး မကြာခင်ရက်ပိုင်းအတွင်း ဖြတ်သန်းသွားလာခွင့်ပြူနိုင်မည်ဟု ဒေသခံတစ်ဦးကပေါ်ပြူလာနယူးစ်ကို ပြောသည်။

” ပြုပြင်နေကြတာတွေ့တယ်။ ပြီးခါနီပြီလို့လည်းပြောတယ်။ ကျွန်တော်မြင်တာကတော့ သွားလို့ရတဲ့အခြေအနေမျိုးဖြစ်နေပြီ။ မကြာမီရက်ပိုင်းလောက်ပေးဖြတ်မယ်ကြားတယ်။ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်အခုလို ပြန်ဖွင့်ပေးတော့ အဆင်ပြေတာပေါ့။ ဒီလိုဘဲပြောရမှာဘဲလေ”ဟု ၎င်းက ဆိုသည်။

အဆိုပါ စဉ့်အင်တံတားမှာ ၁၀၂၇ ပထမအကြိမ် တိုက်ပွဲအတွင်း လက်နက်ကြီးကျ‌ေရာက်ထိမှန်ကာ ပျက်စီးခဲ့ရသည့် တံတားတစ်စင်းလည်းဖြစ်သည်။

လက်ရှိတွင် ယင်း တံတားအစား ဒေသခံများသွားလာရေးအဆင်ပြေစေရန် စဉ့်အင်ဖောင်ဆိပ်မှတဆင့် ဖောင်ဖြင့် နေ့စဉ်ဖြတ်သန်းသွားလာနိုင်ရန် ယနေ့အချိန်အထိ သယ်ယူပို့ဆောင်ပေးလျှက်ရှိကြောင်း သိရသည်။

ပြီးခဲ့သော ဇွန်လ(၂၅)ရက်က တစ်ကျော့ပြန်ဖြစ်ပွားလာသော ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ တိုက်ပွဲကြောင့် ဒေသတွင်း ခရီးသွားယာဉ်များ ရပ်နားထားသည်များရှိသလို လမ်းပိုင်းအခြေအား သတိထားသွားလာနေရသည့်အခြေအနေမျိုးများ ကြုံတွေ့ခဲ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here