ကျောက်မဲတွင် ဆန်တစ်အိတ်လျှင် (၃)သိန်းခွဲ နီးပါးအထိ ပေးဝယ်နေရဟုဆို

0
95

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် ဆန်တစ်အိတ်လျှင် ကျပ်(၃)သိန်းခွဲနီးပါးခန့် ပေးဝယ်နေရကြောင်း ဒေသခံများထံမှ ပြောသည်။

ထို့ပြင် စက်သုံးဆီဈေးနှုန်းများမှာ တစ်လီတာလျှင် ကျပ် (၉၀၀၀)မှ (၁၀၀၀၀) ကျပ်အကြား ပေးဝယ်နေရပြီး လိုသလောက်ဝယ်ယူ၍မရရှိကြောင်းနှင့် မြို့တွင် စက်သုံးဆီပြတ်လပ်နိုင်သည့် အခြေအနေတွင်ရှိနေကြောင်း သိရသည်။

” ဒီနေ့ ဆန်လိုလို့ သွားဝယ်တာ ဆန်တစ်ပိုင်း (၁၂)ပြည်ကို တစ်သိန်းခုနှစ်သောင်းလောက်ရှိတယ်။ ဒါက ကျောက်မဲမှာ အခြေခံလူတန်းစားတွေ ပုံမှန်စားနေတဲ့ ဆန်ဈေးပါ။ အခြားဆန်တွေက ရှိတော့ရှိတယ် ဈေးကြီးလို့ဝယ်မစားနိုင်ကြဘူး။ အခုဈေးက အရင်တစ်အိတ်လောက်ဖြစ်နေတာ “ဟု အဆိုပါ ဒေသခံ က ပြောသည်။

လက်ရှိတွင် ကျောက်မဲမြို့အတွင်းနှင့် အနီးတစ်ဝိုက် တိုက်ပွဲသံမကြားရဘဲ ငြိမ်သက်နေကြောင်းနှင့် ဗဟိုစျေးကြီးပတ်ဝန်းကျင်နှင့် မင်္ဂစျေးပတ်ဝန်းကျင် လမ်းမကြီးတလျှောက် စျေးသည် စျေးဝယ်များဖြင့် စည်ကားလျက်ရှိကြောင်း ဆိုသည်။

ကျောက်မဲမြို့ပေါ်တွင် ယနေ့ ဩဂုတ် (၂၂)ရက်၊ နံနက်ပိုင်းအချိန်အထိ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများမရရှိသေးဘဲ CDMA(450) တစ်မျိုးသာရရှိကာ ယင်းသည်ပင် အချို့ရက်များ၌ ပြတ်တောက်နေခြင်းမျိုးရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here