တရုတ်နှင့် ထိုင်း ပူးတွဲစစ်ရေးလေ့ကျင့်

0
226

အထူးတပ်ဖွဲ့များကို ပထမဆုံးအကြိမ် အသုံးပြုသည့် ထိုင်းနိုင်ငံနှင့် ပူးတွဲစစ်ရေးလေကျင့်မှု အစီအစဉ်အသေးစိတ်ကို တရုတ်က ထုတ်ဖော်ကြေညာခဲ့ပြီး စစ်ရေးလေ့ကျင့်မှုတွင် အသေးစားစစ်ပွဲတစ်ခုအတွက် လိုအပ်သော အရာအားလုံး ပါဝင်နေသည်ဟု ဆိုသည်။

Falcon Strike 2024 စစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ တနင်္ဂနွေနေ့တွင် စတင်ခဲ့ပြီး တရုတ်နိုင်ငံပိုင် ရုပ်သံသတင်းဋ္ဌာန စီစီတီဗီ၏ အဆိုအရ ယခင်က နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်ခဲ့ဖူးသော လေ့ကျင့်မှုများထက် ပိုမို ရှုပ်ထွေးပြီး ကျယ်ပြန့်သော အစီအစဉ်များပါဝင်သည်ဟု ဆိုသည်။

သြဂုတ် ၂၉ ရက်အထိ ပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုတွင် နယ်စပ်ဖြတ်ကျော် ထောက်ပံ့မှု၊ တပ်ဖြန့်ကျက်မှု၊ ပူးတွဲ လေကြောင်း ကာကွယ်ရေးနှင့် လေ့ကျင့်မှုပိုင်းဆိုင်ရာ အချေအတင်ဆွေးနွေးမှုများ ပါဝင်မည်ဟု စီစီတီဗီက ဖော်ပြသည်။

ထို့အပြင် အထူးတပ်ဖွဲ့များ၊ စစ်လေယာဉ်များနှင့် ရဟတ်ယာဉ်များကို အသုံးပြု၍ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သည့် လေ့ကျင့်မှုလည်း ပါဝင်ပြီး နှစ်ဖက်တပ်မှူးများအနေဖြင့် ၎င်းတို့၏ နည်းဗျူဟာနှင့် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ တိုးတက်လာမည်ဟု ယုံကြည်ထားကြောင်း ေပြာသည်။

အဆိုပါ လေ့ကျင့်မှုများသည် များစွာအကျိုး သက်ရောက်ပြီး သိသာထင်ရှားသော အပြောင်းအလဲတစ်ခုဖြစ်သည်ဟု တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ အရာရှိဟောင်း စစ်ရေးလေ့လာသုံးသပ်သူ Fu Qianshao က ပြောဆိုခဲ့သည်။

“အဆင့်ငါးဆင့်ပါ တဲ့ လေ့ကျင့်ခန်းတွေဟာ အသေးစားစစ်ပွဲတစ်ခုအတွက် လိုအပ်တဲ့ အရာေတွပဲ” ဟု Fu က ဆိုသည်။

တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ စစ်ရေးလေ့ကျင့်မှုများသည် မူလက ပူးတွဲလေ့ကျင့်မှုပိုင်းကိုသာ အာရုံစိုက်ခဲ့သော်လည်း ယခုအခါတွင် ပိုမိုလက်တွေ့ကျသည့် တိုက်ပွဲသဘောသဘာဝကို လုပ်ဆောင်လာခဲ့သည်ဟုလည်း ၎င်းက သုံးသပ်သည်။

တရုတ်နှင့် ထိုင်းနိုင်ငံတို့သည် ၂၀၁၅ ခုနှစ်မှစကာ နှစ်စဉ် ပူးတွဲ လေတပ်လေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်က ပေါ်ပေါက်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်-၁၉) ကြောင့် ယင်းလေ့ကျင့်မှုများကို ၂ နှစ် ရပ်နားခဲ့သည်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here