စွန့်ပစ်ဘတ္ထရီများနှင့် အခြားစွန့်ပစ်ပစ္စည်းများကို တင်သွင်းခြင်းမပြုရန် သတိပေးနေ

0
107

EV များကထွက်သည့်အမှိုက်စီမံခန့်ခွဲမှု ပြဿနာကိုကမ္ဘာ့နိုင်ငံကြီးများတွင်စတင် ရင်ဆိုင်နေရပြီဖြစ်သည်။မူဝါဒ၊အစီအမံများအားနည်းပါကသက်တမ်းကုန်ဆုံးသည့် ကားဘက်ထရီများ တောင်လို ပုံလာနိုင်သည့်အခြေအနေများဖြစ်သည်။

သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန် လျှပ်စစ်သုံးယာဉ် စွန့်ပစ်ဘတ္ထရီများနှင့် အခြားစွန့်ပစ်ပစ္စည်းများကို တင်သွင်းခြင်း မပြုလုပ်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကလည်း သတိစတင်ပေးနေသည်။

အဆိုပါ စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရန်၊ သက်ရှိသတ္တဝါတို့၏ ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်မှုများ မရှိစေရန်ဖြစ်သည်။

လျှပ်စစ်သုံးယာဉ် စွန့်ပစ်ဘတ္ထရီများဆိုသည်မှာ အသုံးပြုသူကဖြစ်စေ၊ ဘတ္ထရီရောင်းဝယ်ဖောက်ကားသူက ဖြစ်စေ၊ ထုတ်လုပ်ရောင်းချသူက ဖြစ်စေ၊ ဘတ္ထရီတစ်ခုလုံး (သို့မဟုတ်) ယင်းဘတ္ထရီ အစိတ်အပိုင်းများအား သက်တမ်းလွန်ခြင်း၊ နည်းပညာချို့ယွင်းခြင်း၊ အရည်အသွေးမပြည့်မီခြင်း၊ ပြန်လည်ပြုပြင်သုံးစွဲ၍ မရနိုင်ခြင်းတို့ကြောင့် စွန့်ပစ်မည့်ဘတ္ထရီများကို ဆိုလိုခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက အဓိပ္ပါယ်ဖွင့်ဆိုထားသည်။

ထို့ပြင် လျှပ်စစ်သုံးယာဉ်ဆိုင်ရာ အခြားစွန့်ပစ်ပစ္စည်းများဆိုသည်မှာ သတ္တု (သို့မဟုတ်) ပလတ်စတစ်ဖြင့် ပြုလုပ်ထားသော ယာဉ်ကိုယ်ထည်၏ အစိတ်အပိုင်းများ၊ တာယာများ၊ အအေးခံဆေးရည်နှင့် ဘရိတ်ဆီများ၊ လေအိတ်များ၊ ပြန်လည်ပြုပြင်ထုတ်လုပ်သုံးစွဲနိုင်သည့် စွန့်ပစ်အီလက်ထရောနစ် အစိတ်အပိုင်းများ၊ လျှပ်စစ်သုံး ယာဉ်တွင် တပ်ဆင်အသုံးပြုထားသော မှန်ချပ်အမျိုးမျိုး၊ ဒက်ရှ်ဘုတ် အပါအဝင် ယာဉ်အတွင်းပိုင်း၌ တပ်ဆင်ထားသော ပလတ်စတစ်အစိတ်အပိုင်းများ၊ထိုင်ခုံများကို ဆိုလိုခြင်းဖြစ်ကြောင်းဝန်ကြီး ဌာနကဆိုသည်။

ထို့ကြောင့် မည်သူမျှ လျှပ်စစ်သုံးယာဉ် စွန့်ပစ်ဘတ္ထရီများနှင့် လျှပ်စစ်သုံးယာဉ်ဆိုင်ရာ အခြားစွန့်ပစ်ပစ္စည်းများကို တင်သွင်းခြင်း မပြုလုပ်ရန် သတိပေးတားမြစ်ထားပြီး ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိပါက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ပုဒ်မ (၃၂)အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here