ရွေးကောက်ပွဲကျင်းပရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အစိုးရ၊ နိုင်ငံရေးပါတီနှင့် EAOs သုံးပွင့်ဆိုင်ဆွေးနွေး

0
176

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ သုံးပွင့်ဆိုင်တွေ့ဆုံကာ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုကို ယမန်နေ့ ဩဂုတ် (၂၃)ရက် က နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ တွေ့ဆုံရာတွင် ရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များ၊ လက်ရှိပကတိဖြစ်ပေါ်နေသည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအားဆွေးနွေးရာတွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ဦးစားပေးဆောင်ရွက်စေလိုသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ထိန်းချုပ်ထားသည့်ဒေသများတွင် ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ရာ၌ လိုအပ်သည့် ပူးပေါင်းမှုများဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ မိမိတို့၏ သဘောထားအမြင်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

တွေ့ဆုံ ဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ကိုယ်စားလှယ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here