နယ်မြေလုံခြုံရေးကြောင့် ရပ်ထားသည့် မြင်းခြံရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ပြန်လည် လည်ပတ်နေ

0
130

စင်ကာပူအခြေစိုက် Sembcorp Industries သည် နယ်မြေလုံခြုံရေး ပဠိပက္ခကြောင့် ရပ်နားထားရသည့် မြင်းခြံမှ လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်း သြဂုတ် (၂၃) ရက်တွင် အသိပေး‌ကြေညာထားသည်။

နယ်မြေလုံခြုံရေး မငြိမ်သက်မှုကြောင့် မန္တလေးတိုင်းအတွင်းရှိ အထက်ပါ မြင်းခြံဓာတ်အားပေးစက်ရုံကို လုပ်ငန်းလည်ပတ်မှု ယာယီရပ်ဆိုင်းကြောင်း ဩဂုတ် (၁၂) ရက်က အသိပေးကြေညာခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း အသိပေးထားခြင်းလည်းဖြစ်သည်။

“Sembcorp သည် အခြေအနေများ ဘေးကင်းသည်နှင့် ကျိုးကြောင်းဆီလျော်စွာ လက်တွေ့ကျကျ လက်တွေ့လုပ်ဆောင်နိုင်သည်နှင့် တပြိုင်နက် စက်ရုံတွင် လုပ်ငန်းများ ပြန်လည်စတင်ရန် ကြိုးစားမည်ဖြစ်သည်”ဟု Sembcorp ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် စက်ရုံအနီးတစ်ဝိုက်၌ ပဋိပက္ခများ ရပ်တန့်သွားသောကြောင့် Sembcorp ၏ ဝန်ထမ်းများသည် စက်ရုံသို့ ပြန်လည်လာရောက် လုပ်ကိုင်ရန် အန္တရာယ်ကင်း‌သော အခြေအနေဖြစ်ကြောင်းကို အကဲဖြတ်ပြီးနောက် လုပ်ငန်းပြန်လည် လည်ပတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။ 

အဆိုပါ ကုမ္ပဏီကို စင်ကာပူ အစိုးရပိုင် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Temasek က ကျောထောက်နောက်ခံပြုထားခြင်းဖြစ်သည်။

နယ်မြေလုံခြုံရေး မငြိမ်သက်မှုကြောင့် မြင်းခြံဓာတ်အားပေးစက်ရုံကို ရပ်နားထားရစဉ်က ၄၉၂၀ မဂ္ဂါဝပ် နာရီခန့် လျော့နည်းသွားခဲ့ရသေးကာ ရန်ကုန်တိုင်း၊ မြို့နယ်အချို့နှင့် စက်မှုဇုန်များ၌ ပေးနေသော ဓာတ်အားများကို လျှော့ချကာ ယာယီ ဓာတ်အားပြတ်တောက်မှုများ ရှိနိုင်မည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးထုတ်ပြန်ခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here