ဆီစက်လုပ်ငန်းရှင်များအား ငွေကျပ် ၄၆ ဘီလီယံကျော် ထုတ်ချေးရန်ကျန်ရှိနေသဖြင့် လျှောက်ထားနိုင်

0
211

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကျပ် ဘီလီယံ ၅၀ ဖြင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးရန်ပုံငွေထူထောင်လျက် ဆီစက်လုပ်ငန်းများကို ချေးငွေများ ထောက်ပံ့ပေးလျက်ရှိသည်။

လက်ရှိအချိန်ထိ ဆီစက်လုပ်ငန်းရှင် ၃၁ ဦးကို ချေးငွေကျပ် ၃၄၉၃ သန်း ထုတ်ချေးပေးပြီးဖြစ်သည်။

ထုတ်ပေးရန်ကျန်ရှိသည့် ငွေကျပ်ဘီလီယံ ၄၆ ဒသမ ၅၀၇ ကို မြန်ဆန်မှန်ကန်စွာ ထုတ်ပေးနိုင်ရေးလုပ်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောသည်။

ဩဂုတ် (၂၃) ရက်က ပြုလုပ်သည့် ဘွိုင်လာကိုင်တွယ်ထိန်းသိမ်းသူများ သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်း ဆင်းပွဲ အခမ်းအနားတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ (၃/ ၂၀၂၄) အစည်းအဝေးတွင် ဆီစက် ချေးငွေထုတ်ချေးရန် ငွေကျပ်ဘီလီယံ ၄၆ ဒသမ ၅၀၇ ကျန်ရှိနေသဖြင့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသောဆီစက်များအား ချေးငွေထုတ်ချေးပေးနိုင်ရန်နှင့် ကုန်ကြမ်းဝယ်ယူနိုင်ရန်အတွက် လုပ်ငန်းသုံးရင်းနှီးငွေထုတ်ချေးနိုင်ရေး သက်ဆိုင်ရာပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နည်အစိုးရ အဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတစ်ဝန်း၌ ဆီစက် (၄၂၅၀) ကျော်ရှိရာတွင် အကြီးစားဆီစက် (၂၃၀) ကျော်၊ အလတ်စား (၉၂၀) ကျော်နှင့် အငယ်စားဆီစက် (၃၁၀၀) ကျော်တို့က ဆီကြိတ်ခွဲ ထုတ်လုပ် နေကြခြင်းဖြစ်ပြီး အခက်အခဲအမျိုးမျိုးကြော င့် ရပ်နားထားရသည့် စက်များ၊ စွမ်းအားပြည့်ထုတ်လုပ်နိုင်စွမ်းမရှိသော စက်များလည်း ရှိနေကြောင်း သိရသည်။

ထို့ပြင် ဆီစက်လုပ်ငန်းရှင်များ၏ အခက်အခဲများတွင် ပြည်ပမှ တင်သွင်းလာသည့် ဈေးပေါသည့်ဆီများနှင့် ဈေးကွက်၌ ယှဉ်ပြိုင်ရခြင်း၊ ဆီထွက်သီးနှံများပေါ်ချိန်တွင် ဝယ်ယူသိုလှောင်နိုင်ရန် ငွေကြေးအရင်းအနှီးလိုအပ်ခြင်း၊ မြေပဲ၊ နှမ်းစသည့် ဆီထွက်သီးနှံများကို ကုန်ကြမ်းအဖြစ် ပြည်ပသို့ တင်ပို့ရောင်းချမှုများကြောင့် ပြည်တွင်းစားသုံးဆီထုတ်လုပ်ရာတွင် ကုန်ကြမ်းအခက်အခဲဖြစ်ပေါ်ခြင်း၊ ဆီစက်များကို အဆင့်မြှင့်တင်နိုင်ရန် ငွေကြေးလိုအပ်ခြင်းစသည်တို့အပါအဝင် အခက်အခဲများရှိနေပြီး အဆိုပါ အခက်အခဲများ ပြေလည်စေရန် နိုင်ငံတော်က အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယခုအခါ ပြည်တွင်းရှိ ဆီစက်များ အဆင့်မီ စက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံးရင်းနှီးလည်ပတ်ငွေ လိုအပ်ချက်များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက်သာသော ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ သတ်မှတ်ချက်များနှင့်ကိုက်ညီပါက ချေးငွေလျှောက်ထားနိုင်ပြီဖြစ်ကြောင်းလည်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here