မဲခေါင် – လန်ချန်း အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း ရှေးဟောင်းအမွေအနှစ်မြို့များကို ညီအမမြို့တော်များ (Sister Cities) အဖြစ် အကောင်အထည်ဖော်မည်

0
76

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ ၂၀၂၃ဖြင့် ဆောင်ရွက်သည့် ကိုဗစ်အလွန်ကာလ ယဉ်ကျေးမှု အမွေအနှစ် ခရီးစဉ်‌ဒေသများတွင် ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်း ဖော်ဆောင်ရေးအတွက် ဆွေးနွေးပွဲကို ဩဂုတ် (၂၄) ရက်က ပုဂံမြို့ရှိ ရွှေနန်းတော်ဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေမှ စီမံကိန်း(၃)ခုကို ရရှိထားခဲ့ပြီးဖြစ်ကြောင်းနှင့် ကိုဗစ် – ၁၉ ကာလအတွင်း ခရီးသွားလုပ်ငန်းနှင့် ဆက်စပ် စီးပွားရေး လုပ်ငန်းများအနေဖြင့် အခက်အခဲနှင့် အကျပ်အတည်းများ များစွာကြုံတွေ့ခဲ့ရပြီး ကိုဗစ်-၁၉ အလွန် ကာလများတွင် ခရီးသွားလုပ်ငန်းများ ပြန်လည် ထူထောင်ရာ၌ နည်းလမ်းအသစ်များ ပြန်လည်စဉ်းစား ဖော်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မဲခေါင် – လန်ချန်းနိုင်ငံများမှ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ ပညာရှင်များနှင့် ဆွေးနွေးပွဲတက်ရောက်လာသူများက ခရီးသွားလုပ်ငန်းဖြင့် ဒေသတွင်း ယဉ်ကျေးမှုအမွေ အနှစ်ခရီးစဉ်ဒေသများ ရေရှည်တည်တံ့အောင် ဆောင်ရွက်ခြင်း၊ ရေရှည်တည်တံ့သော ခရီးသွား လုပ်ငန်းဆိုင်ရာ အလေ့အကျင့်ကောင်းများ မျှဝေခြင်း၊ ယဉ်ကျေး မှုအမွေအနှစ် ခရီးစဉ်ဒေသများ မြှင့်တင်ခြင်း ကိစ္စရပ်များကို အပိုင်းသုံးပိုင်းခွဲ၍ စကားဝိုင်းဆွေးနွေးခြင်းနှင့် မေးခွန်းများမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်ဟုလည်း သိရသည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E Ms. Ma Jia ကို ပုဂံမြို့ရှိ ရွှေနန်းတော်ဟိုတယ်၌ လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ – တရုတ် နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေးနှင့် ခရီးသွားမြှင့်တင်ရေး ဆောင်ရွက်မှုအခြေအနေများ၊ မဲခေါင် – လန်ချန်း အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း မြန်မာနိုင်ငံရှိ ပုဂံမြို့ကဲ့သို့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်မြို့များကို ညီအမမြို့တော်များ (Sister Cities) အဖြစ် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးဆိုင်ရာတို့ကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here