ဘင်္ဂလားဒေ့ရှ်မှာ ရေကြီး၊ ‌ေ-သဆုံးသူ ၂၀ ဦးရှိကာ လူဦးရေ ၅ သန်းကျော် ရေဘေးသင့်

0
289

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းမှု၊ မြစ်ရေတက်မှုများကြောင့် ရေလွှမ်းမိုးပြီး လူ ၂၀ ဦးထက်မနည်း ‌ေ-သဆုံးခဲ့ကာ လူဦးရေ ၅ ဒသမ၂ သန်းကျော် သည် ရေဘေးဒဏ်သင့်ခဲ့သည်ဟု တာဝန်ရှိသူများက တနင်္ဂနွေနေ့တွင် ပြောဆိုသည်။

ရေလွှမ်းမိုးမှုများကြောင့် လူအတော်များများ အဆက်အသွယ်ပြတ်တောက်နေခဲ့ပြီး အစားအစာ၊ သောက်ရေသန့်၊ ဆေးဝါးနှင့် ခြောက်သွေ့သော အဝတ်အထည်များကို အရေးပေါ်လိုအပ်နေသည်။ အထူးသဖြင့် လမ်းကြောင်းများ ပိတ်ဆို့သွားသည့် ကျေးလက်ဒေသများသို့ ကယ်ဆယ်ထောက်ပံ့ရေးအစီအစဉ်များ ရောက်ရှိရန် ခက်ခဲနေကြောင်း သိရသည်။

အစိုးရအဖွဲ့အနေဖြင့် ရေဘေးဒုက္ခကြုံရသူများအနေဖြင့် ပုံမှန်အခြေအနေသို့ အမြန်ပြန်ရောက်စေရန် လိုအပ်သည့်အစီအမံအားလုံးကို ချမှတ်ဆောင်ရွက်လျက်ရှိသည်ဟု အစိုးရ အကြံပေး အရာရှိချုပ် မိုဟာမက် ယူနွတ်စ်က ရုပ်သံမိန့်ခွန်းတွင် ပြောဆိုသွားသည်။

Comilla ခရိုင် ကျေးရွာတစ်ရွာမှ အသက် ၆၅ နှစ်အရွယ် လယ်သမားတစ်ဦးဖြစ်သည့် အဗ္ဗဒူ ဟာလင်းက ၁၀ ပေခန့်နက်သည့် ညသန်းခေါင်ယံအချိန် ရေကြီးခဲ့မှုအတွင်း သူ၏ ရွှံ့တဲအိမ်သည် ရေနောက်ပါသွားခဲ့သည်ဟု ပြောဆိုသည်။

“ကုန်ပစ္စည်း မရှိဘူး၊ ရေမရှိဘူး၊ ရွာထဲမှာ ကယ်ဆယ်ကူညီရေး ရောက်မလာပါဘူး။ အဲဒါတွေ သွားယူဖို့ဆိုရင် လမ်းမကြီးနဲ့ အနီးဆုံးနေရာအထိ သွားရပါမယ်” ဟု သူက ရိုက်တာကို ပြောဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအချို့ကမူ ယခု ရေကြီးရေလျှံမှုများသည် အိမ်နီးချင်း အိန္ဒိယနိုင်ငံဘက်မှ ရေလှောင်တမံ ရေထိန်းတံခါးများ ဖွင့်ချခဲ့ခြင်းကြောင့်ဟု စွပ်စွဲခဲ့ပြီး အဆိုပါအချက်ကို နယူဒေလီက ငြင်းဆိုခဲ့သည်။
အနာဂတ် ရေလွှမ်းမိုးမှုအခြေအနေများကို ကာကွယ်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် မိမိတို့ စတင် ဆွေးနွေးနေသည်ဟု ယူနွတ်စ်က ပြောဆိုသည်။

မြစ်ရေကျဆင်းမှုသည် အလွန်နှေးကွေးနေပြီး ဆက်လက်၍ မိုးရွာသွန်းနေပါက ရေကြီးနေနိုင် သေးကြောင်း ဘင်္ဂလားဒေ့ရှ် မိုးလေဝသဋ္ဌာနက သတိပေးခဲ့သည်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here