မွန်ပြည်နယ်အတွင်း Mpox ရောဂါ ကြိုတင် ကာကွယ်ရေးဆောင်ရွက်မှုများ ပြုလုပ်

0
60

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နှင့် သထုံမြို့နယ်တို့တွင်မျောက်ကျောက် ရောဂါ(Mpox) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ရက်ဆက် ပြုလုပ်ခဲ့ကြကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

ယမန်နေ့ ဩဂုတ်(၂၆)ရက် နံနက်ပိုင်းက ကျိုက်ထို့မြို့နယ်အတွင်း မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခြင်းနှင့် စုဝေးဟောပြောခြင်းများကို နေရာစုံတွင် ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

ထို့နည်းတူ ဩဂုတ်(၂၅) ရက်တွင်လည်း သထုံမြို့နယ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများပူးပေါင်း၍ Mpox (မျောက်ကျောက်) ရောဂါကာကွယ်ရေး ပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်း၊ လက်ကမ်းစာစောင်များ ဝေငှပေးခြင်း၊အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလှုပ်ရှားမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်ပြည်သူကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးပရဟိတအဖွဲ့များ ပူးပေါင်းဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မျောက်ကျောက်ရောဂါ အတည်ပြုလူနာ တွေ့ရှိပါက တရားဝင်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံပိုင် သတင်းဌာနမှတဆင့်အသိပေး ထုတ်ပြန်ထားသည်။

မျောက်ကျောက်ရောဂါကို မြန်မာ့အိမ်နီးချင်းနိုင်ငံများတွင်စတင်တွေ့ရှိရပြီဖြစ်သည့်အတွက် ဂရုစိုက်နေထိုင်ရန်လိုအပ်ပြီး အွန်လိုင်းပေါ်ရှိ သတင်းတု၊ သတင်းမှားများကို မယုံကြရန်နှင့် သတိပြုရန်လိုအပ်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here