လားရှိုး-သီပေါ ပြည်ထောင်စုလမ်းမပေါ်ရှိ စဉ့်အင်တံတားသစ် ယခုလကုန်တွင် ဖြတ်သန်းခွင့်ပြုနိုင်ဖွယ်ရှိ ဟုဆို

0
176

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများအတွင်း လက်နက်ကြီးထိမှန်ပျက်စီးခဲ့ရသော လားရှိုး- သီပေါ ပြည်ထောင်စုလမ်းမပေါ်ရှိ စဉ့်အင်တံတားအား ယခု ဩဂုတ်လအကုန်တွင် ပြန်လည်ဖြတ်သန်းခွင့်ပြုနိုင်ဖွယ်ရှိကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

လက်ရှိတွင် လားရှိုး-သီပေါ-ကျောက်မဲ-နောင်ချို-အုမ္မသီးအထိ ပြည်ထောင်စုလမ်းမကြီးအတိုင်း သွားလာနိုင်ပြီဖြစ်ကာ အဆိုပါ စဉ့်အင်တံတား တစ်ခုတွင်သာ ဖောင်ဆိပ်မှ ဖောင်ဖြင့်ကူးသန်းသွားလာရသည့် အခြေအနေမျိုးရှိကြောင်း သိရသည်။

“တံတားက ပြင်ဆင်နေတာ ပြီးနေပါပြီ။ ဘာလိုအပ်လို့လည်းတော့ မသိဘူး။ စစ်ဆေးမှုတွေ လုပ်နေတယ်။ နောက်ဆုံး ဒီလကုန်လောက်တော့ ဖြတ်ခွင့်ပြုတော့မယ်လို့ ကြားတယ်။ ဖြတ်ခွင့်ပြုရင်တော့ အချိန်ကုန်သက်သာတာပေါ့။ အခုက ပြည်ထောင်စုလမ်းမကြီးအတိုင်း သွားလာနေကြပါတယ်။ အခြေအနေတော့ နားစွင့်သွားကြရတာပေါ့။ တစ်စီးနဲ့ တစ်စီးလည်း တစ်ခုခုဖြစ်ရင် အကူအညီပေးလို့ရအောင် ချိတ်ဆက်ပြီး သွားလာနေပါတယ်”ဟု ဒေသတွင်း ယာဉ်မောင်းတစ်ဦးက ဆိုသည်။

ထို့ပြင် လတ်တလော အခြေအနေအရ ဒေသတွင်းခရီးသွားလာရာတွင် လားရှိုး- စဉ့်အင်-သီပေါ(နမ့်လန်လမ်းခွဲ)-ပန်ညှ-နောင်ကော်-နမ့်လန်-ကျောက်ဂူ-ရပ်စောက် -ပင်းတယ -ရွာငံလမ်းပိုင်းသွား လာမှုအဆင်ပြေနေကာ နေ့ချင်းခရီးပေါက်နေပြီဖြစ်ကြောင်း ဆိုသည်။

ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းအတွင်း ခရီးသွားလာကြရာ၌ ဒေသတွင်းအခြေအနေများအရ အချိန်မရွေးပြောင်းလဲတတ်သဖြင့် စုံစမ်းမေးမြန်းသွားလာကြရန် အသိပေးနှိုးဆော်ထားသည်ကိုလည်း တွေ့ရသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here