ပထမဆုံးအကြိမ် မဲပေးရမည့် လူငယ်မဲဆန္ဒရှင်များဖြစ်လာမည့်သူများထဲတွင်KG + 12 တက်ရောက်နေသူများပါဝင်

0
83

KG + 12 တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများသည် မကြာမီအသက် (၁၈) နှစ်ပြည့်၍ ပထမအကြိမ်မဲပေးရမည့် လူငယ်မဲဆန္ဒရှင်များ ဖြစ်လာမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုကပြောသည်။

ပထမအကြိမ်မဲပေးမည့် လူငယ်မဲ ဆန္ဒရှင်များအုပ်စုတွင် အကျုံးဝင်နေသော ကျောင်းသား၊ ကျောင်းသူများအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေဆိုင်ရာ မဲဆန္ဒရှင်အသိပညာပေး PowerPoint အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပညာရေးဝန်ကြီးဌာနသို့ ဩဂုတ် (၂၆) ရက်တွင်အပ်နှင်းသည့်အခမ်းအနားကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ထို့ကြောင့် ပထမဆုံးအကြိမ် ဆန္ဒမဲပေးရာတွင် အခက်အခဲမရှိစေရန်နှင့် နိုင်ငံအကျိုးအတွက် မှန်မှန်ကန်ကန် ရွေးချယ်တတ်စေရန် ရည်ရွယ်၍ ရွေးကောက်ပွဲအသိပညာပေးခြင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် ဒီမိုကရေစီအသိနှင့် ဒီမိုကရေစီစနစ်၏ အလေ့အကျင့်ကောင်းများကို သိရှိရန်လိုသည့်အတွက် မိမိတို့နိုင်ငံ၌ ကျင်းပခဲ့သည့် ရွေးကောက်ပွဲများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေနှင့်ရွေးကောက်ပွဲဆိုင်ရာ သိသင့်သိထိုက်သည့် အချက်အလက်များကို PowerPoint တွင် ကောက်နုတ်ဖော်ပြထားကြောင်း ၎င်းကဆိုသည်။

ထို့ပြင် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ/မရှိသူ များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိသူများ/မရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိသူများ၊ မဲပေးခွင့်ရရှိရန်အတွက်မဲစာရင်း၌ မိမိအမည်ပါဝင်အောင် ဆောင်ရွက်ရမည့်နည်းလမ်း၊ မပါဝင်သင့်သူများပါဝင်နေလျှင်၊ အချက်အလက်များမှားယွင်းနေလျှင် မည်သို့ဆောင်ရွက်ရမည်၊ မည်ကဲ့သို့မဲပေးရမည်စသည်ဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး သိသင့်သိထိုက်သည်များကိုလည်း ဖော်ပြထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here