(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် “လှပသာယာပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဖိတ်ခေါ်

0
103

လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၄) ရက်တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲကို “လှပသာယာပြည်မြန်မာ” ခေါင်းစဉ်ဖြင့်ရောင်စုံဓာတ်ပုံပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲသို့ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုများ၊ သာယာလှပမှုများ၊ အေးချမ်းတည်ငြိမ်မှုများ၊ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုများနှင့် ရိုးရာယဉ်ကျေးမှုများ၊ လွတ်လပ်ရေးကြိုးပမ်းမှု၏ ထင်ရှားသည့် သင်္ကေတ၊ နေရာဒေသနှင့် လူပုဂ္ဂိုလ်များစသည်တို့ကို ဖော်ညွှန်းရိုက်ကူးထားသော ဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရိုက်ကူးထားသည့် ရောင်စုံဓာတ်ပုံများသာဖြစ်ရမည်ဖြစ်ပြီး မည်သည့်ကင်မရာ အမျိုးအစားမဆို အသုံးပြုနိုင်ကာ ပြိုင်ပွဲဝင်ဓာတ်ပုံအရွယ်အစားမှာ (၁၀) လက်မ x (၁၅) လက်မအရွယ်အစားတစ်မျိုးတည်းသာ ပါဝင်ယှဉ်ပြိုင်ရန်နှင့် ပုံအရေအတွက် အကန့်အသတ်မရှိယှဉ်ပြိုင်နိုင်ပြီး Hard Copy နှင့် Soft Copy (CD)ကို တပါတည်းပူး တွဲပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ဖန်တီးထားသော ဓာတ်ပုံများနှင့် ပြည်တွင်း ပြည်ပဓာတ်ပုံပြိုင်ပွဲများတွင် ဆုရခဲ့ဖူးသည့် ဓာတ်ပုံများ၊ ပုံနှိပ်ထုတ်ဝေပြီးသောဓာတ်ပုံများ၊ Website များတွင် အသုံးပြုပြီးသော ဓာတ်ပုံများကို ပါဝင်ယှဉ်ပြိုင်ခွင့်ပြုမည်မဟုတ်ဘဲ ပြိုင်ပွဲဝင်ဓာတ်ပုံများအား အများပြည်သူအကျိုးငှာပြပွဲများ၊ စာအုပ်စာစောင်များ၊ Website များ၊ လက်ကမ်းစာစောင်များ၊ သင်ခန်းစာပို့ချမှုများနှင့် ဗီဒီယိုများ၌ အသုံးပြုခြင်းကို သဘောတူခွင့်ပြုရမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်ဓာတ်ပုံများတွင် ပြိုင်ပွဲဝင်သူအမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ ဓာတ်ပုံ၏ အကြောင်းအရာ၊ ရိုက်ကူးသည့်နေရာ ဒေသတို့ကို ဓာတ်ပုံများ၏ နောက်ကျော၌ သီးခြားစက္ကူဖြင့်ရေးကပ်၍ ပူးတွဲပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ (၃၁) ရက် ၊ ညနေ (၄) နာရီ နောက်ဆုံးထား၍  ပြိုင်ပွဲဝင်ဓာတ်ပုံများကို  ညွှန်ကြားရေးမှူး(ထုတ်လုပ်)၊ ထုတ်လုပ်ရေးဌာနခွဲ(ရန်ကုန်)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်(၂၂/၂၄)၊ ပန်းဆိုးတန်လမ်း(အောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၈၃၇၁၃၄၂၊ ၀၁-၈၃၈၄၈၁၃ သို့ ဆ­က်သွယ်ပေးပို့ရမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ချိန်ထက်ကျော်လွန်၍ ပေးပို့လာသော ဓာတ်ပုံများအား ပြိုင်ပွဲဝင်ဓာတ်ပုံအဖြစ် လက်ခံမည်မဟုတ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here