တရုတ်လေယာဉ်၏ ပိုင်နက်ကျူးကျော်မှုသည် အချုပ်အခြာအာဏာကို ဆိုးရွားစွာ ချိုးဖောက်ခြင်းဖြစ်–ဂျပန်

0
259

ဂျပန်နိုင်ငံ၏ ဝေဟင်ပိုင်နက်အတွင်းသို့ တရုတ် စစ်လေယာဉ် ကျူးကျော်ဝင်ရောက်မှုသည် အချုပ်အခြာအာဏာကို ဆိုးရွားစွာ ချိုးဖောက်ခြင်းဖြစ်သည်ဟု ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့(သြဂုတ် ၂၇) တွင် ပြောသည်။ အရှေ့တရုတ်ပင်လယ်ဝေဟင်၌ ၄င်းဖြစ်ရပ်ဖြစ်ပွားခဲ့အပြီး နောက်တစ်နေ့တွင် သူက ယင်းကဲ့သို့ ပြောလိုက်ခြင်းဖြစ်သည်။

“ကျွနု်ပ်တို့ ဝေဟင်ပိုင်နက်ထဲကို တရုတ်စစ်လေယာဉ် ဝင်ရောက်ခဲ့ခြင်းက အချုပ်အခြာကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှုဖြစ်ရုံသာမက ကျွနု်ပ်တို့ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုလည်းဖြစ်ပြီး လုံး၀ လက်သင့်ခံနိုင်စရာ မရှိပါဘူး” ဟု ယိုရှီမာဆာ ဟာယာရှီက သတင်းထောက်များကို ပြောဆိုခဲ့သည်။

နာဂါဆာကီ စီရင်စုနယ်မြေ၏ Danjo ကျွန်းစုကမ်းလွန်ကို တနင်္လာနေ့ ဒေသစံတော်ချိန်မနက် ၁၁း၂၉ နာရီမှစတင်ကာ Y-9 ကင်းထောက်လေယာဉ် ၂ မိနစ်ကြာ ဝင်ရောက်ခဲ့သည့်အတွက် တိုက်လေယာဉ်များ အရေးပေါ်ပျံတက် ကာသတိပေးခဲ့ရသည်ဟု ဂျပန်က ပြောသည်။

ယခုဖြစ်ရပ်သည် မိမိတို့၏ ဝေဟင်ပိုင်နက်ကို ကျူးကျော်မှု ကိုဆန့်ကျင်ရေးအစီအမံများ စတင်ခဲ့ပြီးနောက်ပိုင်း တရုတ်စစ်လေယာဉ်၏ ပထမဆုံး ပိုင်နက်ကျူးကျော်မှုအဖြစ် အတည်ပြု ကြေညာခဲ့ရသည့် ဖြစ်စဉ်ဟုလည်း ဟာယာရှီက ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။

အစိုးရအနေဖြင့် တရုတ်နိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုများကို ဂရုတစိုက် ဆက်လက်အာရုံစိုက်သွားမည်ဖြစ်ကာ နိုးနိုးကြားကြား ထောက်လှမ်းစောင့်ကြည့်ခြင်းနှင့် ဝေဟင်ပိုင်နက် ချိုးဖောက်မှုတားဆီးရေး ဖြစ်နိုင်သမျှ အစီအမံအားလုံးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သူက ပြောသည်။

Barrons.com


LEAVE A REPLY

Please enter your comment!
Please enter your name here