ဖားကန့်တွင် ဖုန်းနှင့် အင်တာနက်လိုင်းများ တစ်လကျော်ကြာပြတ်တောက်နေခြင်းကြောင့် အခက်အခဲများစွာကြုံတွေနေရဟုဆို

0
170

ဖားကန့်တွင် ဖုန်းနှင့် အင်တာနက်လိုင်းများ တစ်လကျော်ကြာပြတ်တောက်နေခြင်းကြောင့် ဒေသတွင်း အခြေခံစားသုံးကုန် ဝယ်ယူရေးများ ၊ ငွေထုတ်ငွေလွှဲကိစ္စရပ်များ အခက်အခဲဖြစ်ပေါ်နေရသည်ဟု ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

လက်ရှိတွင် Mytel အပါအဝင် ဆက်သွယ်ရေးဖုန်းလိုင်းများပြတ်တောက်နေပြီး လျှပ်စစ်မီးများပါ ပြတ်တောက်လျက်ရှိကြောင်း သိရသည်။

အင်တာနက်လိုင်းများအနေဖြင့် IP Star အမည်ရှိ အင်တာနက် ဆက်သွယ်ရေးစနစ်ကို အသုံးပြုနေကြသော်လည်း တစ်နာရီလျှင် ကျပ်ငွေ (၂၀,၀၀၀)နီးပါးအထိ ပေးကာ အသုံးပြုနေကြရကာ အများစုမှာ အသုံးမပြုနိုင်ကြကြောင်း ဒေသခံများထံမှ သိရသည်။

“ဖားကန့်ဒေသမှာ ဖုန်းဆက်သွယ်ရေး အင်တာနက်ဆက်သွယ်ရေး‌တွေအပြင် လျှပ်စစ်မီးတွေပါ ပြတ်တောက်နေပါတယ်။ ဖုန်းလိုင်းကမရ ၊ ကားလမ်းကပိတ် ၊ မီးကပြတ်။ အရင်လို ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေမရတာ တော်တော်ကြာပြီ။ တစ်လကျော်ပေါ့”ဟု ဖားကန့် ဒေသခံတစ်ဦးက ပြောသည်။

ယခုအခါ ဖားကန့်ဒေသသို့ ကုန်စည်စီးဆင်းသွားလာနိုင်သည့် မန္တလေး-ရွှေဘို -အင်းတော်-မိုးညှင်း-ဖားကန့်အစရှိသည့် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ နေရာတချို့တွင် တိုက်ပွဲများဖြစ်ပွား‌နေကာ လမ်းကြောများ ပိတ်မိရာမှ ကုန်စည်စီးဆင်းမှု ရပ်တန့်နေကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲများကြောင့် လမ်းများပိတ်ထားသည့် ကာလအတွင်း ဖားကန့်ဒေသတွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လျက်ရှိကာ ဒေသတွင်း မိုးညှင်း၊ ဟိုပင်မှ တင်ပို့သည့် ကုန်စိမ်းနှင့်ကုန်ပစ္စည်းများ ဝင်ရောက်နေသော်လည်း ဝယ်လိုအားနှင့် ရောင်းလိုအား မျှချေမဖြစ်ကြောင်း ၎င်းကဆိုသည်။

“အခုက မိုးညှင်း ၊ဟိုပင်က ကုန်ကားတွေတော့ ဝင်တယ်၊ အောက်ပိုင်း (မန္တလေး) က ကုန်ကားတွေ မဝင်တော့ အဲဒီဒေသက ကုန်ပစ္စည်းတွေ ပြတ်လပ်ပြီး ဈေးတက်ကုန်တာပေါ့” ဟု ‌ဆို သည်။

လက်ရှိတွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၂၀,၀၀၀)၊ စားသုံးဆီ(ဆန်းသစ်)တစ်ပိဿာဗူး တစ်ဗူးလျှင် ကျပ် (၂၄, ၀၀၀) ၊ကြက်ဥ အလုံးသုံးဆယ်ပါ တစ်ကဒ်လျှင် ကျပ် (၂၀,၀၀၀)၊ငရုတ်သီး တစ်ဗူးလျှင် ကျပ်(၅,၀၀၀) ဖြင့်ဝယ်ယူစားသုံးနေရပြီး၊ ဆန်ဈေးနှုန်းမှာ မမြင့်တက်သေးကြောင်း သိရသည်။

အလားတူ ဖားကန့်ဒေသတွင် စက်သုံးဆီ တစ်ဂါလံ ငွေကျပ် လေးသောင်းနှုန်းပေး၍ ဝယ်ယူသုံးစွဲနေရကြောင်း သိရသည်။

ဓာတ်ပုံ – အင်တာနက်


LEAVE A REPLY

Please enter your comment!
Please enter your name here