နှစ်လကြာပိတ်ထားရသည့် ကျောက်မဲမြို့ ဗဟိုဈေး ယနေ့ ပြန်လည် ဖွင့်လှစ်

0
269

၁၀၂၇ စစ်ဆင်ရေး ဒုတိယအကျော့ တိုက်ပွဲများ စတင်ချိန်မှစ၍ နှစ်လကြာပိတ်ထားရသည့် ကျောက်မဲမြို့ ဗဟိုဈေးကြီး ယနေ့ ဩဂုတ် (၂၈)ရက် နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။

“ဈေးကြီး ပြန်ဖွင့်ပါပြီ။ ဆိုင်ခန်းတော်တော်များများ ဖွင့်ကြပါတယ်။ ကျောက်မဲမြို့ တိုက်ပွဲအခြေအနေကတော့ တော်တော်တင်းမာနေတယ်”ဟု ၎င်းက ပြောသည်။

ယမန်နေ့ ဩဂုတ်(၂၇)ရက် ညပိုင်းတွင် တပ်မတော်ဘက်မှ ဝေဟင်ပစ်ကူအဖြင့် လက်နက်ကြီးပစ်ချခဲ့သေးကြောင်း ၎င်းက ပင်ဆိုသည်။

ယင်းတိုက်ခိုက်မှုကြောင့် အမှတ်(၉) ရပ်ကွက် ဘောလုံးကွင်းအတွင်းကျရောက်ပေါက်ကွဲကာ အနီးပတ်ဝန်းကျင်ရှိအဆောက်အအုံများ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ဆိုသည်။

လက်ရှိတွင် ကျောက်မဲမြို့နှင့်အနီးတစ်ဝိုက်တွင် TNLAနှင့် PDF လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားဆဲဖြစ်ပြီး၊ တပ်မတော် စစ်ကြောင်းများအနေဖြင့် ရှမ်းပြည်တောင်ပိုင်းဘက်မှ ထိုးစစ်ဆင်လာနေကြောင်း ဆိုသည်။

“TNLA နဲ့ PDFတွေရှိနေပေမယ့် ဟိုလိုမျိုး အုပ်ချုပ်ရေးယန္တရား မထူထောင်နိုင်ပါဘူး။ တိုက်ပွဲကတော့ထပ်ဖြစ်ဖို့များနေတယ်။ Third wave ပေါ့။”ဟု ၎င်း၏ အမြင်ကို သုံးသပ် ပြောသည်။

လက်ရှိတွင် ကျောက်မဲမြို့အတွင်း ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများမရရှိသေးဘဲ ၊ ဆက်သွယ်လိုသူများအနေဖြင့် မိုင်(၂၀)နီးပါးခန့်သွားရောက်ကာ ဖုန်းဆက်သွယ်မှုများ ပြုလုပ်နေကြရကြောင်း သိရသည်။

အဆိုပါ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများရရှိရန် ‌ဆောင်ရွက်နေကြပြီး၊ မကြာမီရက်ပိုင်းအတွင်း ဆက်သွယ်ရေးလိုင်းများ ပြန်လည်ရရှိနိုင်ဖွယ်ရှိသည်ဟု သိရသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here