ရုရှားကို ကျူးကျော်မှုသည် အောင်ပွဲတစ်စိတ်တစ်ဒေသ–ဇလန်စကီး

0
446

ရုရှား၏ ကာ့စ်ဒေသကို ကျူးကျော်တိုက်ခိုက်ခဲ့မှုသည် လာမည့်လအတွင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို သူ တင်ပြရန် ရည်ရွယ်ထားသော ကိဗ်၏ အောင်ပွဲစီမံကိန်း၏ ပထမအပိုင်းဖြစ်သည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောကြားလိုက်သည်။

သြဂုတ် ၂၇ ရက်က ယူကရိန်းမြို့တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စက်တင်ဘာလအတွင်း ကျင်းပမည့် ကုလသမဂ္ဂ အထွေထွညီလာခံသို့ သူ တက်ရောက်ရန် စီစဉ်ထားကြောင်းနှင့် သမ္မတ ဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ဇလန်းစကီးက ပြောသည်။ ထို့အပြင် စီမံကိန်း အောင်မြင်မှုရှိ မရှိသည် အမေရိကအပေါ် များစွာတည်မှီသည်ဟုလည်း သူက ဆိုခဲ့သည်။

“ဒီစီမံကိန်း အောင်မြင်ဖို့က သူ့အပေါ် မူတည်ပါတယ်၊ စီမံကိန်းမှာ ပါဝင်တဲ့အရာတွေ သူတို့ ပေးမလား မပေးဘူးလား၊ ဒီအရာတွေကို လွတ်လွတ်လပ်လပ် သုံးခွင့်ပေးမလား မပေးဘူးလား” ဟု သူက မေးခွန်းထုတ်ခဲ့သည်။

ထို့အပြင် ယင်းစီမံကိန်းကို ဒုတိယ သမ္မတ ကင်မ်လာ ဟဲရစ်နှင့် သမ္မတဟောင်း ဒေါ်နယ်ထရန့်တို့ နှစ်ဦးစလုံးကိုလည်း တင်ပြသွားမည် ဖြစ်ကြောင်း သူက ပြောဆိုသည်။ “နောက်တက်မယ့် အမေရိကန်သမ္မတ ဘယ်သူဖြစ်မယ်ဆိုတာ မသိတဲ့အတွက်နဲ့ ဒီစီမံကိန်းကို အကောင်အထည်ဖော်ချင်တာကြောင့် ဖြစ်ပါတယ်” ဟု သူက ပြောဆိုသည်။

စီမံကိန်း ၏အသေးစိတ်နှင့် ပတ်သက်ပြီး ပြောဆိုရာတွင် အဆင့်လေးဆင့်ပါသော စီမံ ကိန်း သည် ကာ့စ်ဒေသအတွင်း ကျူးကျော်ဝင်ရောက်ခဲ့မှုဖြင့် စတင်ခဲ့ပြီး ယင်းသည် ပြီးမြောက်ခဲ့ပြီဟု ဆိုခဲ့သည်။

ဒုတိယ ဦးတည်ချက်မှာ ကမ္ဘာ့လုံခြုံရေး အခြေခံအဆောက်အဦတွင် ယူကရိန်းနိုင်ငံ၏ မဟာဗျူဟာမြောက်ပါဝင်ရေးဖြစ်သည်ဟု ဇလန်းစကီးက ဆက်လက် ပြောဆိုသည်။ ယင်းနောက် သံတမန်လမ်းကြောင်းအရ စစ်ပွဲရပ်ရေးအတွက် ရုရှားအပေါ် အင်အားကြီးမားသော ဖိအားပေးရေးသည် တတိယ ဦးတည်ချက်ဖြစ်ပြီး စတုတ္ထမြောက်မှာ စီးပွားရေးဆိုင်ရာဖြစ်သည်ဟု သူက ရှင်းပြခဲ့သည်။

ကာ့စ်ဒေသသည် မိမိတို့ စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ မိမိတို့၏ အောင်ပွဲစီမံ ကိန်း သည် တစ်စုံတစ်ယောက်အတွက် ရည်မှန်းချက်ကြီးလွန်းသည်ဟု ထင်ကောင်းထင်နိုင်သော်လည်း မိမိတို့အတွက် အလွန်အရေးကြီးသည့် စီမံကိန်း ဖြစ်ကြောင်း သူက ပြောဆိုခဲ့သည်။

“အရာရာတိုင်းကိုတော့ သူ ပြောပြနိုင်မှာ မဟုတ်ပါဘူး” ဆိုကာ စီမံကိန်းနှင့်ပတ်သက်၍ နောက်ထပ် အချက်အလက်များ ထုတ်ဖော်ခြင်းမပြုဘဲ ဇလန်းစကီးက အဆုံးသတ်ခဲ့သည်။

Ref: စီအင်န်အင်န်


LEAVE A REPLY

Please enter your comment!
Please enter your name here