အားပြင်းတိုင်ဖွန်း နီးကပ်လာ၍ ဂျပန်တွင် အရေးပေါ် အခြေအနေ ထုတ်ပြန်

0
162

ဂျပန်တွင် နိုင်ငံ၏ အနောက်တောင်ပိုင်းအရပ်ဆီ အားပြင်းတိုင်ဖွန်း မုန်တိုင်း ချဉ်းကပ်လာသောကြောင့် အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့ပြီး မော်တော်ကား ထုတ်လုပ်ရေးကုမ္ပဏီ တိုယိုတာက စက်ရုံ ၁၄ ရုံကို ပိတ်မှာဖြစ်ကြောင်းနှင့် လေကြောင်းလိုင်းများကလည်း ခရီးစဉ်များကို ဖျက်သိမ်းနေကြောင်း သိရသည်။

တိုင်ဖွန်း ရှန်းရှန်းသည် ယာကူရှီမာကျွန်းမှ ၄၃ မိုင်အကွာတွင် ရောက်ရှိနေပြီး အနောက်တောင်ပိုင်း ကျူရှူးကျွန်းပေါ်ရှိ ကာဂိုရှီမာနှင့် မီယာဇာကီ စီရင်စုဒေသများဆီ ဦးတည်ရွေ့လျားနေသည်ဟု ဂျပန်နိုင်ငံ မိုးလေဝသဋ္ဌာနက ခန့်မှန်းကြောင်း အင်န်အိတ်ချ်ကေ သတင်းက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြသည်။

ရှန်းရှန်းသည် တောင်ပိုင်း ကျူးရှူးကျွန်းသို့ အလွန်အားပြင်းစွာဖြင့် ချဉ်းကပ်လာမှာဖြစ်ကြောင်း အစိုးရအဖွဲ့အတွင်းဝန်ချုပ် ယိုရှီမာဆာ ဟာယာရှီက သတင်းထောက်များကို ပြောသည်။ လေတိုက်နှုန်း တစ်နာရီ ၁၅၅ မိုင်ရှိနိုင်သည်ဟု ခန့်မှန်းထားသော တိုင်ဖွန်းသည် ယခင်က ကြုံခဲ့ဖူးသည်ထက် ပိုမိုပြင်းထန်သော လှိုင်းကြီး လေထန်မှုမျိုးကို ဖြစ်ပေါ်စေလိမ့်မည်ဟု ဟာယာရှီက ပြောဆိုခဲ့သည်။

ရှန်းရှန်းသည် နောက်ရက်များတွင် ကျူးရှူးကျွန်းကို ဝင်ရောက်မည်ဖြစ်ကာ သီတင်းပတ်ကုန်ဝန်းကျင်တွင် မြို့တော်တိုကျိုတည်ရှိရာ အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ ချဉ်းကပ်မည်ဖြစ်ကြောင်း မိုးလေဝသဌာနက ပြောဆိုခဲ့သည်။

အာဏာပိုင်များက ကျူရှူးကျွန်းတွင် ကာဂိုရှီမာ စီရင်စု၊ အလယ်ပိုင်း ဟွန်ရှူးကျွန်းပေါ်ရှိ တိုကျို၏ အနောက်တောင်ပိုင်းက အိုက်ချီနှင့် ရှီဇူအိုကာ စီရင်စုများမှ ဒေသခံ ၈ သိန်းကျော်ကို ဘေးလွတ်ရွှေ့ပြောင်းပေးရန် ဗုဒ္ဓဟူးနေ့တွင် ညွှန်ကြားချက်ထုတ်ခဲ့သည်။

Ref: အယ်ဂျာဇီးယား


LEAVE A REPLY

Please enter your comment!
Please enter your name here