ကလေးလုပ်သားပပျောက်ရေး ရေရှည်စီမံကိန်းအဖြစ်ဆောင်ရွက်မည်

0
164

ကလေးအလုပ်သမား ပပျောက်ရေးသည် နိုင်ငံအတွက် ကြီးမားသည့်စိန်ခေါ်မှုဖြစ်ပြီး ရေရှည်ဆောင်ရွက် သွားရမည့် လုပ်ငန်းဖြစ်ကြောင်း မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ထိန်လင်းဦးက ပြောသည်။

ဥပဒေရေးရာ ဝန်ကြီးဌာန၌ ဩဂုတ် (၂၇)ရက်က ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ လုပ်ငန်းကော်မတီ သတ္တမအကြိမ် လုပ်ငန်း ညိနှိုင်းအစည်းအဝေးတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ လုပ်ငန်း ကော်မတီ၏ ဒုတိယငါးနှစ် လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈) ကို အတည်ပြုခဲ့ပြီးဖြစ်ကြာင်းကို ဥပဒေရေးရာ လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာထိန်လင်းဦးက ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ဒုတိယ ငါးနှစ်လုပ်ငန်း စီမံချက်အရ ကလေးအလုပ်သမားပပျောက်ရေးနှင့် စပ်လျဉ်း၍ ဥပဒေရေးရာလုပ်ငန်း ကော်မတီဝင်များက မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက်ဆောင်ရွက်ပြီးကိစ္စများ၊ ဆောင်ရွက်ဆဲကိစ္စများ၊ ဆောင်ရွက်ရန် ရှိသည့်ကိစ္စများကို အစည်းအဝေးတွင် တင်ပြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်ဟု သိရသည်။

အစည်းအဝေးသို့ နေပြည်တော်ရှိ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ လုပ်ငန်းကော်မတီအဖွဲ့ဝင်များက လူကိုယ်တိုင်တက်ရောက်၍ တိုင်းဒေသကြီး / ပြည်နယ်ဥပဒေရေးရာ လုပ်ငန်း ကော်မတီ အဖွဲ့ဝင် ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီတို့မှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ ကိုယ်စားလှယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီနှင့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းတို့မှ ကိုယ်စားလှယ်တို့က Online မှ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here