စစ်တောင်းမြစ်ရေ မြင့်တက်လာမှု‌ကြောင့် တောင်ငူတွင် ရေကြီးမှုကြုံနေရ

0
66

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေမြင့်တက်လာမှုကြောင့် ကျေးရွာများတွင် ရေကြီးရေလျှံမှုဖြစ်ပွါးနေကြောင်း သိရသည်။

လက်ရှိတွင် တောင်ငူမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးနေရကြောင်းလည်း ဒေသခံလူမှုကူညီရေးအဖွဲ့များကလည်း ပြောသည်။

“စစ်တောင်းမြစ်ရေက အတော်တက်နေတာ၊ ဆည်ကလည်း နောက်တစ်ပေလောက် ထပ်လွှတ်အုံးမယ်ကြားတယ်” ဟု ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတစ်ဦးက ပြောသည်။

လတ်တလောတွင် ရေဘေးသင့်ပြည်သူများကို မြို့တွင်းရှိ ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများ၌ ယာယီရေဘေးရှောင်စခန်းဖွင့်ကာ ကူညီထားရှိထားသည်ဟုလည်း ၎င်းက ရှင်းပြသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ဩဂုတ် (၂၉) ရက် ထုတ်ပြန်ချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့၏ စိုးရိမ်ရေမှတ်အထက် နှစ်ပေခန့်ကျော်လွန်နေကာ နောက်(၁)ရက်အတွင်း သုံးလက်မခန့် ထပ်မံမြင့်တက်လာနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ထို့ပြင် မိုးနှောင်းကာလဖြစ်သည့် စက်တင်ဘာလနှင့် အောဘက်တိုဘာလတွင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်အပါအဝင် မြစ်(၁၁)စင်းသည် စိုးရိမ်ရေအမှတ်အထက်သို့ တစ်ကြိမ်စီကျော်လွန်ရောက်ရှိနိုင်သေးကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။

လက်ရှိတွင် တောင်ငူမြို့ရှိ ရေဘေးရှောင်ပြည်သူများအတွက်သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here