မန္တလေးမြို့တွင် ယနေ့ နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့တွင်း လမ်းမများပေါ် ရေလျှံမှုဖြစ်ပွား

0
71

မန္တလေးတိုင်းဒေသကြီးတွင် ယနေ့ သြဂုတ် (၂၉)ရက် နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှ လမ်းမများပေါ် ရေလျှံမှုဖြစ်ပွားခဲ့ကြောင်း မန္တလေးမြို့နေ ပြည်သူများထံမှ သိရသည်။

ယနေ့ နံနက်အစောပိုင်း (၂) နာရီကျော်အချိန်ကတည်းက မိုးစတင်ရွာသွန်းခဲ့ပြီး နံနက် (၄) နာရီကျော်အချိန်တွင် မိုးရွာသွန်းမှု များပြားလာခဲ့ရာ မန္တလေးမြို့တွင်းရှိ လမ်းမကြီးများပေါ် ရေလျှံမှုများနှင့် အနိမ့်ပိုင်းရပ်ကွက် နေရာများသို့လည်း ရေဝင်ရောက်ခဲ့ရကြောင်း မြို့ခံတို့က ဆိုသည်။

“မိုးက တအားသည်းလာတာ မြို့တွင်းနေရာအချို့ ရေလျှံလာတယ်။ တချို့ကားတွေ ဆိုင်ကယ်တွေဆို ရေထဲဖြတ်မောင်းတော့ ရေဝင် စက်ထိုးရပ်သွားတာတွေရှိတယ်။ မြို့တွင်းလမ်းတွေမှာ ရေမြောင်း စနစ်တွေက မကောင်းတော့ ဒီလို မိုးသည်းကြီး မဲကြီးရွာပြီးသွားတာနဲ့ လမ်းပေါ်မှာ ရေလျှံတော့တာပါပဲ။”ဟု မြို့ခံ တစ်ဦးက ဆိုသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်တွင်လည်း ယနေ့ ဩဂုတ်(၂၉) ရက် နံနက်ပိုင်း (၉)နာရီခွဲအချိန်အထိ မန္တလေးတိုင်ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင် ဒေသအလိုက်နှင့် နေပြည်တော်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ မန္တလေး(ချမ်းမြသာစည်မြို့နယ်)တွင် ၄.၆၉ လက်မ၊ ပုသိမ်ကြီးမြို့တွင် ၄.၆၅ လက်မ၊ မန္တလေး(အောင်မြေသာစံမြို့နယ်)တွင် ၃.၉၈ လက်မ၊ မန္တလေး(ချမ်းအေးသာစံမြို့နယ်)တွင် ၃.၆၆ လက်မရှိခဲ့ကြောင်း သိရသည်။

နောက်(၂)ရက်အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိလည်း နေရာကွက်ကျား မိုးထစ်ချုန်းရွာဦးမည်ဖြစ်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – အလင်းစေတမန် အွန်လိုင်းပရဟိတအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here