ကျူရှူးကျွန်းကို တိုင်ဖွန်းဝင်ပြီ၊ သုံးဦး ‌ေ-သ၊ သန်းနှင့်ချီသောလူများကို ဘေးလွတ်ရာ ရွှေ့ခိုင်း

0
355

တိုင်ဖွန်းမုန်တိုင်း ရှန်းရှန်းသည် ယနေ့(သြဂုတ် ၂၉) တွင် လေပြင်းများ မိုးသည်းထန်မှုများနှင့်အတူ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းကို ဝင်ရောက်တိုက်ခတ်လျက်ရှိပြီး သန်းနှင့်ချီသောလူများကို နေအိမ်များမှ ဘေးလွတ်ရာ ရွှေ့ပြောင်းရန် ညွှန်ကြားခဲ့သည်။ မုန်တိုင်းကြောင့် လျှပ်စစ်ဓါအား ပြတ်တောက်ခြင်း၊ လေယာဉ်ခရီးစဉ် ဖျက်သိမ်းရခြင်းများနှင့် အဓိက စက်ရုံအလုပ်ရုံများ ပိတ်ထားရခြင်းတို့ဖြစ်ခဲ့ကြောင်း သိရသည်။

မုန်တိုင်းကြောင့် တိုယိုတာ ကားကုမ္ပဏီက ၎င်း၏ ပြည်တွင်း စက်ရုံအားလုံးမှ လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိုင်းခဲ့သကဲ့သို့၊ နစ်ဆန်း၊ ဟွန်ဒါနှင့် ချပ်စ်ထုတ်လုပ်ရေးကုမ္ပဏီ Renesas နှင့် တိုကျို အီလက်ထရောနစ်တို့သည်လည်း ၄င်းတို့၏စက်ရုံအချို့ကိုထုတ်လုပ်မှုများ ယာယီရပ်ဆိုင်းလိုက်ရကြောင်း သိရသည်။

လက်ရှိအထိ လူ သုံးဦးထက်မနည်း ‌ေ-သဆုံးထားပြီး ဒဏ်ရာရသူများစွာရှိကြောင်းနှင့် မုန်တိုင်းသည် ဒေသတွင်း ကျ ေရာက်ခဲ့ဖူးသမျှတွင် အပြင်းထန်ဆုံးဖြစ်လာနိုင်သည်ဟု အာဏာပိုင်များက သတိပေးခဲ့သည်။

ကျူရှူးကျွန်းတောင်ပိုင်း မီယာဇာကီမြို့ကို မုန်တိုင်းဝင်ရောက်ချိန်တွင် နာရေးကူညီမှုအသင်း ဝန်ထမ်း တိုမိုကီ မာအီဒါသည် နာရေးကားတစ်စီးထဲတွင် ရှိနေခဲ့ပြီး ပြတင်းတံခါးများ ကွဲကြေခဲ့ခြင်း၊ အဆောက်အအုံအချို့၏ တံတိုင်းများ ပြိုကျခဲ့ခြင်းများဖြစ်ခဲ့သည်ဟု ပြောဆိုသည်။

“ကျွန်တော့်အသက် ၃၁ နှစ်တာအတွင်းမှာ ဒီလောက် ပြင်းတဲ့ လေတိုက်မှုမျိုး ဒါမှမဟုတ် လေဆင်နှာမောင်းမျိုး လုံး၀ မကြုံခဲ့ဖူးဘူး” ဟု သူက ပြောဆိုသည်။

တိုင်ဖွန်းသည် နာဂါဆာကီ စီရင်စုရှိ Unzen မြို့အနီး လေတိုက်နှုန်း တစ်စက္ကန့် ၅၀ မီတာ(တစ်နာရီ ၁၁၂ မိုင်) ဖြင့် ဒေသစံတော်ချိန် နေ့လည် ၁း၄၅ နာရီတွင် တိုက်ခတ်ခဲ့ပြီး မြောက်ဖက်သို့ ရွေ့လျားနေသည်ဟု မိုးလေဝသဋ္ဌာနက ပြောဆိုသည်။

ကျူးရှူး လျှပ်စစ်စွမ်းအင်ကုမ္ပဏီ၏ အဆိုအရ မွန်းလွဲပိုင်းအချိန်တွင် အိမ်ထောင်စု ၂၃၀,၀၀၀ ဝန်းကျင်သည် ဓါတ်အားပြတ်တောက်မှု နှင်ကြုံခဲ့သည်ဟု ဆိုသည်။ ကြာသပတေးနေ့အစောပိုင်းက မုန်တိုင်း ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ချိန်တွင် Satsumasendai မြို့ရှိ ၎င်း၏ နျူကလီးယားဓါတ်အားပေးစက်ရုံ၌ ထိခိုက်မှုမရှိခဲ့ကြောင်းလည်း ကုမ္ပဏီက အစောပိုင်းတွင် ပြောဆိုခဲ့သည်။

တိုင်ဖွန်း ကြောင့်ဖြစ်သော မတော်တဆမှုများတွင် လူ သုံးဦး ‌ေ-သဆုံးကာ တစ်ဦး ပျောက်ဆုံးလျက်ရှိသည်ဟု အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှီမာဆာ ဟာယာရှီက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ပြီး သဘာဝဘေး စီမံခန့်ခွဲရေးဋ္ဌာနက ဒဏ်ရာရသူ ၄၅ ဦးရှိခဲ့သည်ဟု ဆိုသည်။

ကျူရှူးကျွန်းပေါ်တွင် ရက်အနည်းငယ်ခန့် မုန်တိုင်းရွေ့လျားတိုက်ခတ်ပြီးနောက် သီတင်းပတ်ကုန်ပိုင်းတွင် မြို့တော်တိုကျို အပါအဝင် အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ ချဉ်းကပ်လာဖွယ်ရှိသည်ဟု မိုးလေဝသဋ္ဌာနက ခန့်မှန်းထားသည်။

နိုင်ငံတစ်ဝန်း တွင် လူ ၅ ဒသမ၂ သန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရန် ညွှန်ကြားထားသည်ဟု အာဏာပိုင်များက ပြောဆိုခဲ့သည်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here