ရွှေစင်၊ ရွှေတုံးများနှင့် ရွှေထည် လက်ဝတ်ရတနာများ ရောင်းချခြင်းမှရောင်းရငွေနှင့် ပြည်ပမှတင်သွင်းခြင်းတို့အတွက် ကုန်သွယ်လုပ်ငန်းခွန် (၃)ရာခိုင်နှုန်း ကောက်ခံမည်

0
214

ရွှေစင်၊ ရွှေတုံးများ (စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးများ)နှင့် ရွှေထည်လက်ဝတ်ရတနာများ ရောင်းချခြင်းမှရောင်းရငွေနှင့် ပြည်ပမှတင်သွင်းခြင်းအတွက် ကုန်းပေါ်ရောက်တန်ဖိုးအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် (၃)ရာခိုင်နှုန်းကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ဩဂုတ် (၂၈) ရက် ရက်စွဲဖြင့် ပြင်ဆင်ပြဌာန်းလိုက်သည့် ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်ကောက်ဥပဒေအရ ယင်းကဲ့သို့ ကောက်ခံသွားမည်ဖြစ်ပြီး ယင်းဥပဒေအား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄၁၉) အရ ပြင်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုပြင်ဆင်ပြဌာန်းလိုက်သည့် ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်ကောက်ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေအရ ရွှေစင်၊ ရွှေတုံးများ (စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးများ) နှင့် ရွှေထည်လက်ဝတ်ရတနာများ ရောင်းချခြင်းမှ ရောင်းရငွေအပေါ်တွင်လည်းကောင်း၊ ပြည်ပမှတင်သွင်းခြင်းအတွက် ကုန်ပေါ်ရောက် တန်ဖိုးအပေါ်တွင်လည်းကောင်း အခွန် (၃) ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်သည်။

ရွှေစင်၊ ရွှေတုံးများ (စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးများ)နှင့် ရွှေထည်လက်ဝတ်ရတနာများကို ပြည်တွင်း၌ ဝယ်ယူစဉ် သို့မဟုတ် ပြည်ပမှတင်သွင်းစဉ်က ပေးဆောင်ခဲ့ရသည့် ကုန်သွယ်လုပ်ငန်းခွန်ကို ပြည်တွင်း၌ ရောင်းချစဉ် သို့မဟုတ် ပြည်ပသို့တင်ပို့စဉ် ပေးဆောင်ရသည့် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်မှ ခုနှိမ်ခွင့်မရှိစေရ ဟုလည်း အစားထိုး ပြင်ဆင်ထားကြောင်း သိရသည်။

ထို့ပြင် ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်ကောက် ဥပဒေ ပုဒ်မ (၁၄) ပုဒ်မခွဲ (က)၏ ကုန်သွယ်လုပ်ငန်းခွန်ဥပ‌ဒေ နောက်ဆက်တွဲဇယားများ အမှတ်စဉ် (၃၉) တွင်ပါရှိသော “ရွှေစင်၊ ရွှေတုံးများ (စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးများ) နှင့်” ဆိုသည့် စကားရပ်ကို ပယ်ဖျက်ရမည်ဟုလည်း ဖော်ပြထားသည်ကို တွေ့ရသည်။

ယခုပြင်ဆင်လိုက်သည့် ဥပဒေသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ (၁) ရက်မှ ၂၀၂၅ ခုနှစ် မတ်လ (၃၁) ရက်အထိ အကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ကိုယ်တိုင် အမိန့်ထုတ်ပြင်ဆင်ပြဌာန်းလိုက်သည့် ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်ကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here