လျှပ်စစ်နှုန်းထားခများကို ပြင်ဆင်သတ်မှတ်

0
212

လာမည့် စက်တင်ဘာ ၁ ရက်မှစတင်၍ လျှပ်စစ်နှုန်းထားခများကို ပြင်ဆင်သတ်မှတ်သွားမည်ဖြစ်ကြောင်း ဩဂုတ် ၃၀ ရက် ရက်စွဲဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

နိုင်ငံတော်၏ လူမှုဘဝတိုးတက်စေရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် လျှပ်စစ်ဓာတ်အားရရှိရေးသည် အဓိကကျသောကြောင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများနှင့် ဓာတ်အားလိုင်းများအဆင့်မြှင့်တင်ခြင်း ၊ တိုးချဲ့တည်ဆောက်ခြင်း၊ပြုပြင်ထိန်းသိမ်းခြင်းများကို ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများဖြင့် ဆောင်ရွက်ပြီး လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများသို့ တည်ငြိမ်သောလျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်ရာတွင်ဘဏ္ဍာရေးနှစ်အလိုက်ထုတ်လုပ်မှုစရိတ်မြင့်မားလာသဖြင့် ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်ရန် လိုအပ်လျက်ရှိသည်။

သို့ဖြစ်ပါ၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ်၊ လျှပ်စစ်ဥပဒေပုဒ်မ (၄၁) နှင့်အညီလျှပ်စစ်ဓာတ်အားခနှုန်းထားပြင်ဆင်သတ်မှတ်ရန်ကိစ္စကို ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြခဲ့ရာ ၂၀၂၄ ခုနှစ်၊ဇူလိုင်လ ၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၅/၂၀၂၄) ၏သဘောတူညီချက်အရ လျှပ်စစ်နှုန်းထားများကို ပြင်ဆင်သတ်မှတ်သွားမည်ဖြစ်သည်။

ပြင်ဆင်ကောက်ခံမည့် လျှပ်စစ်နှုန်းထားများမှာ အိမ်သုံးအမျိုးအစား(နေအိမ်သုံး၊ အိမ်သုံးပါဝါ၊ တစ်လုံးတစ်ခဲတည်း(အိမ်သုံး)၊ စီးပွားရေးလုပ်ငန်းမပါသော ဘာသာ/သာသနာအဆောက်အအုံ) ၁ မှ ၁၅ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ မှ ၁၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀၁ မှ ၂၀၀ ယူနစ်အထိ ၁၅၀ ကျပ်၊ ၂၀၁ ယူနစ်နှင့်အထက် ၃၀၀ ကျပ် ဖြစ်သည်။

ထို့ပြင် အိမ်သုံးမဟုတ်သည့်အမျိုးအစား(စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ တစ်လုံးတစ်ခဲတည်း၊ ယာယီသုံး၊ လမ်းမီး၊အစိုးရဌာနအဖွဲ့အစည်းများ၊ နိုင်ငံပိုင်စက်မှုလုပ်ငန်းများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ မြစ်ရေတင်လုပ်ငန်း၊ စည်ပင်သာယာရုံးဌာန/လုပ်ငန်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ နိုင်ငံခြားသံရုံးများ၊ နိုင်ငံတကာအဖွဲ့အစည်းများ) သည် ၁ မှ ၅၀၀၀ ယူနစ်အထိ ၂၅၀ ကျပ်၊ ၅၀၀၁ မှ ၂၀၀၀၀ ယူနစ်အထိ ၄၀၀ ကျပ်၊ ၂၀၀၀၁ ယူနစ်နှင့်အထက် ၅၀၀ ကျပ် သတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုပြင်ဆင်သတ်မှတ်လိုက်သော ဓာတ်အားခနှုန်းထားများသည် ၂၀၂၄ ခုနှစ်၊စက်တင်ဘာ ၁ ရက်မှ စ၍ အကျိုးသက်ရောက်စေမည်ဟု ဖော်ပြပါရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here