တယ်လီဂရမ် စီအီးအိုကို စွပ်စွဲချက်များ အူကြောင်ကြားဖြစ်နေဟု ရှေ့နေဆို

0
186

သူ၏အမှုသည်ကဲ့သို့ လူမှုကွန်ရက်တစ်ခု၏ အကြီးအကဲဖြစ်သူကို ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နိုင်သည်ဆိုသော ယူဆချက်သည် လုံး၀ အဓိပ္ပာယ်မဲ့သည်ဟု တယ်လီဂရမ် အမှုဆောင်အရာရှိချုပ် ပါဗယ် ဒူရော့ဗ်၏ ပြင်သစ်ရှေ့နေက ပြောကြားကြောင်း Frenceinfo နှင့် BFM TV သတင်းဋ္ဌာနများက ကြာသပတေးနေ့တွင် ဖော်ပြသည်။

တယ်လီဂရမ်သည် ဒစ်ဂျစ်တယ်ဆိုင်ရာ ဥရောပ စည်းမျဉ်းများကို အပြည့်အဝလိုက်နာကြောင်း ယင်းသည် အခြားလူမှုကွန်ရက်များအပေါ် ပညတ်သည့် ဆင်တူသောစည်းမျဉ်းများရှိသည့် ကြီးကြပ်သူဖြစ်ကြောင်း ရှေ့နေ ဒေးဗစ် အိုလီဗာ ကာမင်စကီက သတင်းထောက်များကို ပြောသည်။

စာပို့အက်ပ်ပေါ်တွင် ဂိုဏ်းဖွဲ့ ရာဇဝတ်မှုကျူးလွန်ခြင်းကို စစ်ဆေးရာတွင် ဒူရော့ဗ်ကို တရားဝင် စုံစမ်းစစ်ဆေးရန် ပြင်သစ်တရားသူကြီးတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ဆုံးဖြတ်ခဲ့သည်။ သို့ရာတွင် ရဲတပ်ဖွဲ့ထံ တစ်ပတ်နှစ်ကြိမ် သတင်းပို့ရမည်နှင့် ပြင်သစ်နိုင်ငံပြင်ပသို့ ထွက်ခွာခြင်းမပြုရဟူသော ခံဝန်ဖြင့် အာမခံကြေး ယူရို ၅ သန်းဆောင်စေကာ ဒူရော့ဗ်ကို အာမခံဖြင့် လွှတ်ပေးခဲ့သည်။

လွန်ခဲ့သည့် လေးရက်ခန့်က သူ့ကို ဖမ်းဆီးခဲ့စဉ် အမှုဖွင့်တရားစွဲဆိုခဲ့မှုအားလုံး၌ ဒူရော့ဗ်ကို တရားဝင် စုံစမ်းစစ်ဆေးဖို့ရာ ခိုင်လုံသောအကြောင်းရှိသည်ဟု တရားသူကြီးက ဆုံးဖြတ်ခဲ့ကြောင်း ပါရီအစိုးရရှေ့နေ Laure Beccuau က ထုတ်ပြန်ချက်တွင် ပြောဆိုခဲ့သည်။

သူ့အပေါ် စွဲဆိုခဲ့သည့်အမှုများတွင် တရားမဝင် ငွေလွှဲပြောင်းမှု၊ ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အသုံးချသည့် ဓါတ်ပုံများ ဖော်ပြမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ လိ-မ်လည်မှုတို့အား အွန်လိုင်းပလက်ဖောင်းတစ်ခုပေါ်၌ ခွင့်ပြုလုပ်ကိုင်စေခြင်းအပြင် အာဏာပိုင်များနှင့် ဆက်သွယ်ဆောင်ရွက်ရန် ငြင်းဆန်ခြင်း၊ ငွေကြေးခဝါချခြင်းဆို့ဖြင့်လည်း စွဲဆိုခဲ့ခြင်းဖြစ်သည်။

Ref: Alarabiya News


LEAVE A REPLY

Please enter your comment!
Please enter your name here