TNLA အနေဖြင့် စစ်ရေးများကို ချက်ချင်း မရပ်တန့်ပါက ဖြစ်လာမည့် အကျိုးဆက်အပေါ် တာဝန်ယူရမည်ဟု တရုတ် သတိပေး

0
317

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ၊ တရုတ် – မြန်မာ နယ်စပ်အနီးတဝိုက်တွင် အခြေပြုလှုပ်ရှားနေသည့် TNLA လက်နက်ကိုင်အဖွဲ့အနေဖြင့် စစ်ရေးလှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်ရန် နှင့် မရပ်တန့်ပါက ဖြစ်လာမည့်အကျိုးဆက်အပေါ် တာဝန်ယူရမည်ဟု ရွှေလီမြို့နိုင်ငံတော်လုံခြုံရေး ကော်မတီက သတိပေးထားသည်။

တရုတ်နိုင်ငံဘက်မှ ယမန်နေ့ ဩဂုတ်(၂၉)ရက် ရက်စွဲဖြင့် စစ်ရေးလေ့ကျင့်မှု အကြောင်းကြားကြေညာချက်ဟုဆိုကာ သတိပေးထားခြင်းလည်းဖြစ်သည်။

အဆိုပါ သတိပေး ကြေညာချက်အရ တရုတ်ပြည်တွင် စစ်ရေးလေ့ကျင့်မှု ပြီးဆုံးတော့မည်ဖြစ်ပြီး (TNLA) အနေဖြင့် တိုက်ပွဲများကို ချက်ချင်းရပ်တန့်ကာ မြန်မာမြောက်ပိုင်းနှင့် တရုတ်နယ်စပ်များတွင် အေးချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းရန်အတွက် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားသည်။

တရုတ်ပြည်နယ်စပ် အရပ်သူ အရပ်သားများနှင့် မြန်မာပြည်တွင်းရှိ တရုတ်ပြည်သား လုပ်ငန်းများနှင့်သက်ဆိုင်သော လုပ်ငန်းများကို အာမခံပေးရန်နှင့် တရုတ်နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရန်နှင့် တရုတ်နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို အန္တရာယ်ဖြစ်စေမည့် စစ်ရေးအပြုအမူများကို ပပျောက်အောင်ဆောင်ရွက်ရမည်ဟုလည်း သတိပေးထားသည်။

ထိုသို့ မဟုတ်ပါက တရုတ်နိုင်ငံအနေဖြင့် ကြောက်ရွံ့ကျိုးနွံရန်နှင့် ဆုံးမသွန်သင်နည်းများကို ပိုမိုလုပ်ဆောင်မည်ဖြစ်ပြီး၊ ဖြစ်လာမည့်အကျိုးဆက်များကို TNLA ကိုယ်တိုင် တာဝန်ယူရမည်ဖြစ်ကြောင်း ဆိုသည်။

ထို့ကြောင့် အခြေအနေများကို နားလည်ပြီး တရုတ်နိုင်ငံနှင့် ငြိမ်းချမ်းရေးအားမြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်ကာ ကွဲလွဲမှုများကို ညှိနှိုင်းဖြေရှင်းရန်အတွက် မှန်ကန်သော လမ်းကြောင်းပေါ်သို့ ပြန်လာလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ဆိုသည်။

TNLA အပေါ်လည်း သင့်လျှော်သောတရားဝင် အခွင့်အရေးများနှင့် အကျိုး စီးပွားများရရှိစေရန်နှင့် ဖွံ့ဖြိုးမှုများအတွက် ကူညီပေးသွားမည်ဖြစ်ကာ မည်သည့်နေရာ မည်သည့်ဒေသသို့ ရောက်ရောက် တရုတ်ဘက်မှ အမြဲစောင့်ကြည့်နေမည်ဟု သတိပေးချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် တရုတ်နိုင်ငံဘက်မှ UWSA ထိန်းချုပ်ထားသည့် တရုတ်နယ်စပ်ဂိတ်အချို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နှင့် ထိစပ်နေသည့် အခြားပြည်တွင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ဂိတ်များကို ပိတ်ထားခြင်း၊ ကုန်စည်တင်ပို့ခြင်းစသည်များ ကန့်သတ်ထားမှုများ ရှိ‌နေသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တောင်ပိုင်းစစ်ဒေသကြီး၏ တရုတ်-မြန်မာနယ်စပ် တရုတ်နိုင်ငံဘက်ခြမ်း၌ ပြုလုပ်သော ပူးတွဲလက်တွေ့စစ်ရေးလေ့ကျင့်မှုအစီအစဉ်များသည် ဩဂုတ် (၂၉) ရက်က အောင်မြင်စွာ လေ့ကျင့် ပြီးစီးခဲ့ပြီဖြစ်ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တောင်ပိုင်းစစ်ဒေသကြီးမှ ပြောရေးဆိုခွင့်ရှိသူ လေတပ်အကြီးတန်း ဗိုလ်မှူးကြီး ထျန်ကျွင်းလီက ပြောကြားခဲ့ကြောင်း ရှင်းဟွာ သတင်းဌာနက သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here