စားအုန်းဆီစာအုပ်များဖြင့် ဝယ်ယူခွင့် စက်တင်ဘာလတွင် စတင်မည်ဟုဆို

0
306

ရန်ကုန်တွင် စားအုန်းဆီကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဝယ်ယူခွင့်ရမည့်စနစ်ကို လာမည့်စက်တင်ဘာလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း ရပ်/ကျေး အုပ်ချုပ်ရေးပိုင်းနှင့် အိမ်ရှင်မများ၏ ပြောပြချက်များအရ သိရသည်။

ရန်ကုန်မြို့တွင် စားအုန်းဆီ ဝယ်ယူခွင့်ကို ယခင်သမဝါယမစနစ်အတိုင်း စာအုပ်ဖြင့်ဝယ်ယူရန် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများက အိမ်ထောင်စုစာရင်းများ ကောက်ယူလျက်ရှိကြောင်း သိရသည်။

” ဒီလကုန် စာအုပ်ထုတ်ပေးမယ် ပြောတယ်။ အခုထိတော့ ရောင်းတဲ့ နေရာတွေမှာ တန်းစီနေရတုန်းပဲ။ မနက်လေးနာရီ ငါးနာရီလောက်ကို ဆီလေး (၂၅) ကျပ်သားရဖို့ ထတန်းစီနေရတယ်။ အဆင်မပြေဘူး”ဟု တောင်ဒဂုံတွင် နေထိုင်သည့် အိမ်ရှင်မတစ်ဦးက ပြောသည်။

ယခုအခါ ရန်ကုန်ရှိ မြို့နယ်အချို့တွင် ဆီထုတ်ယူရမည့် စာအုပ်များကို သန်းခေါင်စာရင်း၊ မှတ်ပုံတင် မတောင်းဘဲ တအိမ်ထောင်ကို တအုပ်နှုန်းဆီ ဝယ်ခွင့်စာအုပ်များ လိုက်လံပေးဝေနေသလို မြို့နယ်တော်တော်များများတွင် မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ဧည့်စာရင်းများ လိုက်လံကောက်ခံနေကြောင်း သိရသည်။

” မနေ့က အိမ်မှာ ရာအိမ်မှူးကိုယ်တိုင်လာပြီး စာအုပ်ထုတ်ပေးဖို့ စာရင်းယူတယ် ။ သန်းခေါင်စာရင်း မိတ္တူ တစ်စောင် လုပ်ထားပေးဖို့ပြောသွားတယ်။ ဒါပေမဲ့ ဆီစာအုပ်နဲ့ မဆိုင်ပါဘူး ၊ မကြာခင်ကောက်မယ့် သန်းခေါင်စာရင်းအတွက် သူတို့ဆီမှာ အချက်အလက် ကြိုယူထားဖို့ဆိုပြီး ပြောသွားပါတယ်။ တချို့နေရာတွေမှာတော့တခါတည်းတောင်းတယ်လို့လည်းကြားတယ်” ဟု ရွှေပြည်သာမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ရှင်းပြသည်။

အဆိုပါ ဆီဝယ်ခွင့်စာအုပ်တွင်ပါသည့် စည်းကမ်းချက်သည် ဆီစာအုပ်ကို တစ်ဆင့်ရောင်းချခြင်း၊ ပေါင်နှံခြင်းများ လုံးဝမပြုလုပ်ရဘဲ အိမ်ထောင်စုတစ်စုကို ဆီစာအုပ်တအုပ်သာ ပိုင်ဆိုင်ခွင့်ရှိသည်။

ထို့ပြင် စားအုန်းဆီကို သတ်မှတ်ထားသည့် ရက်အတိုင်း ထုတ်ယူရန်နှင့် ပျက်စီးပျောက်ဆုံးပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ချက်ချင်းအကြောင်းကြားရမည်ဖြစ်ပြီး အသက် (၁၀) နှစ်အောက် ကလေးငယ်များကို လာရောက်ဝယ်ယူခွင့်မပြုကြောင်း သိရသည်။

လက်ရှိ စားအုန်ဆီးဈေးနှုန်းသည် သြဂုတ် (၂၆) ရက်မှ စက်တင်ဘာ (၁) ရက်အထိ တစ်ပိဿာ ၆,၃၇၅ ကျပ်အဖြစ် သတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်တွင် ကျပ် ၂၀, ၀၀၀ ဝန်းကျင်အထိ ဈေးပေါက်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here