ဟိုပုံးမြို့နယ်နှင့် တောင်ကြီးမြို့တို့တွင် ကျပ်သိန်း (၉၀၀) နီး ပါး တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

0
440

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်နှင့် တောင်ကြီးမြို့တို့တွင် ကျပ်သိန်း (၉၀၀)နီးပါး တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဟိုပုံးမြို့နယ်၊ ရွာသစ်ကျေးရွာအနီးတွင် သြဂုတ် (၂၇) ရက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ထွန်းထွန်းဦး(ခ)အာဇွင်း မောင်းနှင်ပြီး မယွန်းဂျူလိုင်ဖူး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

၎င်းတို့ထံမှ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၇၈၃ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၆၁. ၃ သိန်း)၊ ကက်တမင်း အလေးချိန် ၄၅ ဂရမ်(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၄.၅ သိန်း)နှင့် လက်ကိုင်ဖုန်း (၂) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် (၁၁)နာရီခွဲအချိန် အဆိုပါ စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ စိုင်းစွမ်ဆိုင်မိုင်းအား ၎င်းငှားရမ်းနေထိုင်သည့် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ နေအိမ်တွင် လက်ကိုင်ဖုန်း (၁) လုံးနှင့် ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် နေ့လယ် (၁၂)နာရီ (၁၅)မိနစ်အချိန် မျိုးမင်းထက် (ခ)ကိုထက် အား တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ ဟိုတယ်တစ်ခုတွင် ကက်တမင်း အလေးချိန် ၉ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၉၀,၀၀၀)၊ လက်ကိုင်ဖုန်း (၁) လုံးတို့နှင့် ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ထွန်းထွန်းဦး(ခ)အာဇွင်း(၂၀)နှစ်၊ မယွန်းဂျူလိုင်ဖူး(၂၆)နှစ်၊ စိုင်းစွမ်ဆိုင်မိုင်း(၂၄) နှစ် နှင့် မျိုးမင်းထက်(ခ)ကိုထက်(၂၇)နှစ်တို့အား သက်ဆိုင် ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here