(၈)လအတွင်း အွန်လိုင်းလိမ်လည်မှုအတွင်း လူကုန်ကူးခံရသူ (၅)သောင်းကျော်ကို ကယ်ထုတ်နိုင်ခဲ့

0
189

အွန်လိုင်းလိမ်လည်မှုနှင့် ငွေကြေးလိမ်လည်မှု လုပ်ငန်းများတွင် လုပ်ကိုင်စေရေးအတွက် အတင်းအဓမ္မတွန်းအားပေး လုပ်အားခေါင်းပုံဖြတ်ရန် ရည်ရွယ်ချက်ဖြင့် လူကုန်ကူးမှုကျူးလွန်ခြင်းသည် လမ်းကြောင်းသစ်တစ်ရပ်အဖြစ် ပေါ်ထွက်လာနေရာ မြန်မာနိုင်ငံအနေဖြင့် (၈)လတာအတွင်း လူကုန်ကူးခံရသူ (၅၀၀၀၀)ကျော်ကို ကယ်တင်နိုင်ခဲ့ကြောင်းဒုတိယ ရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးကပြောသည်။

လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် (၁၈)ကြိမ်မြောက် ကျင်းပသော နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာအာဆီယံဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်စဉ်ထိုကဲ့သို့ပြောကြားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများကို စဉ်ဆက်မပြတ်တိုက်ဖျက်လျက်ရှိနေကာတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင်လည်း အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းကဆိုသည်။

ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်ရာတွင် ရလဒ်များအနေဖြင့် ဩဂုတ်လ (၂၀) ရက်အထိ (၅၄၃၇၃) ဦး ကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းတို့အနက် (၅၂၁၆၄)ဦးကို တရုတ်နိုင်ငံသို့လည်းကောင်း၊ (၁၉၉၂)ဦးကို အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့လည်းကောင်း ပြန်လည်လွှဲပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

လေ့လာဆန်းစစ်ချက်အရ အဆိုပါ ကယ်ဆယ်ခံရသူများအနက် ၁၀ ရာခိုင်နှုန်းသာ တရားဝင် ဝင်ရောက်ကြသူများဖြစ်ပြီး ကျန် ၉၀ ရာခိုင်နှုန်းမှာ တရားမဝင် ဝင်ရောက်သူများဖြစ်ကြောင်း ဒုတိယရဲဗိုလ်ချုပ်ကြီးကရှင်းပြသည်။

အဆိုပါပြစ်မှုများ ပေါ်ပေါက်လာပါက အချိန်နှင့်တပြေးညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန်နှင့် ပြစ်မှုများလျော့နည်းပပျောက်စေရန်အတွက် နိုင်ငံတော်အစိုးရသည် “ငွေကြေးလိမ်လည်မှုများအား အချိန်မီတားဆီးရေးနှင့် အရေးယူမှုမြန်ဆန်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ (Action Task Force)” ကို ၂၀၂၄ ခုနှစ်၊ မတ်လတွင်ဖွဲ့စည်းခဲ့ပြီး အဆိုပါ အွန်လိုင်းအခြေပြုပြစ်မှုများတွင် ပါဝင်ပတ်သက်နေသူများအား ဖမ်းဆီးအရေးယူခြင်းဖြင့် ပြတ်ပြတ်သားသား ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မူးယစ်ဆေးဝါးပြဿနာဖြစ်သည့် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှုကိုလည်း ဆွေးနွေးခဲ့ပြီး ယမန်နေ့ ညနေပိုင်းတွင် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါ (၁၈) ကြိမ်မြောက် AMMTC အစည်းအဝေးတွင် အာဆီယံဒေသတွင်း နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးကို ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် သဘောတရားစာတမ်း (၂) ခု၊ လမ်းညွှန်ချက် (၂) ခု၊ လုပ်ငန်းလမ်းညွှန် (၁) ခု၊ ကြေညာချက် (၂) ခုနှင့် ပူးတွဲကြေညာချက် (၅) ခုတို့ကို ဆွေးနွေးအတည်ပြုခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here