Myanmar Women League 2024 နောက်ဆုံး တတိယအကျော့ပွဲစဉ်အတွက် လက်ရွေးစင်ကစားသမား စုစုခင်အား ဧရာဝတီယူနိုက်တက်အသင်း ခေါ်ယူ

0
335

Myanmar Women League 2024 နောက်ဆုံး တတိယအကျော့ပွဲစဉ်အတွက် မြန်မာ့လက်ရွေးစင်ကစားသမား စုစုခင်အား ဧရာဝတီယူနိုက်တက်အသင်းက အားဖြည့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အသင်းက တရားဝင်အသိပေးကြေညာထားသည်။

သူမသည် ယခင် ဒုတိယအကျော့ ပွဲစဉ်အထိ YREO အသင်း၏ တိုက်စစ်မှူးအဖြစ် ဝင်ရောက်ကစားနေခြင်းဖြစ်ပြီး၊ မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းအတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။

အသက်(၁၈)နှစ်အရွယ် မစုစုခင်သည် ရှမ်းပြည်နယ်ဖွားတစ်ဦးဖြစ်ပြီး၊ သက်တမ်းအလိုက် လက်ရွေးစင်းအသင်းများတွင်ဝင်ရောက် ကစားခဲ့သူဖြစ်ကာအိန္ဒိယအသင်းနှင့် ခြေစမ်းပွဲစဥ်တွင် မြန်မာ့လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံခဲ့ရသူ တစ်ဦးလည်းဖြစ်သည်။

“ဧရာဝတီအသင်းရဲ့ ကမ်းလှမ်းမှုကိုရခဲ့လို့ ဝမ်းသာပါတယ်။ အသင်းဖော် အားလုံးကနေ သင်ယူစရာရှိတာတွေ သင်ယူဖို့ တွေးထားပါတယ်။ ဘယ်အသင်းပဲ ရောက်ရောက် အကောင်းဆုံးကြိုးစားသွားမှာပါ။ ဒီအပြောင်းအရွေ့ကို ခွင့်ပြုပေးခဲ့တဲ့ YREO အသင်းက ဆရာတွေကိုလည်း ကျေးဇူးတင်ပါတယ်”ဟု အသင်းပြောင်းကစားခွင့် ရသည့်အပေါ် စုစုခင်က ဆိုထားသည်။

Myanmar Women League 2024၏ နောက်ဆုံး တတိယအကျော့ပွဲစဉ်အား စက်တင်ဘာ(၆)ရက်မှ နိုဝင်ဘာ(၅)ရက်အတွင်း ပွဲစဉ် (၇)ပွဲအား ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ပြိုင်ပွဲအား သုံးကျော့စနစ် (3 Round Robin)အရ ပထမအကျော့အား မေ(၇) ရက်နေ့မှ ဇွန်(၁၁)ရက်နေ့အတွင်း ပွဲစဉ် (၇)ပွဲအား လည်းကောင်း၊ ဒုတိယအကျော့အားဇူလိုင် (၁၇) ရက်မှ ဩဂုတ် (၂၀) ရက်အတွင်း ပွဲစဉ်(၇)ပွဲ ယှဉ်ပြိုင်ကစားခဲ့ကြပြီးဖြစ်သည်။

ယခုနှစ် Myanmar Women League 2024 ပြိုင်ပွဲတွင် မြဝတီအမျိုးသမီးအသင်း၊ ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်း၊ သစ္စာအားမာန်အမျိုးသမီးအသင်း၊ အား/ကာသိပ္ပံအမျိုးသမီးအသင်း၊ YREO အမျိုးသမီးအသင်း၊ ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းနှင့် ဧရာဝတီအမျိုးသမီးအသင်း စသည့်အသင်း (၇) သင်း ပါဝင်ယှဉ်ပြိုင် ကစားနေကြခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here