မှော်ဘီလေတပ်နှင့် အမျိုးသမီးဗိုလ်သင်တန်းကျောင်း သို့ ကာချုပ် သွားရောက်

0
75

နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မှော်ဘီလေတပ်စခန်းဌာနချုပ်နှင့် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ အမျိုးသမီးဗိုလ်လောင်းသင်တန်းသူများနှင့် အမျိုးသမီးအရာရှိခြေလျင်တပ်စုမှူးသင်တန်းမှ သင်တန်းသူများအား ဩဂုတ်လ ၃၀ ရက် နံနက်ပိုင်းတွင် သက်ဆိုင်ရာခန်းမများ၌ သီးခြားစီတွေ့ဆုံ အမှာစကားပြောကြားခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် တပ်မတော်(လေ)ကို ခေတ်အဆက်ဆက်အဆင့်မြှင့်တင်ပေးခဲ့မှုများ၊ အမျိုးသမီးအရာရှိများလည်းပျံသန်းရေးတာဝန်များ ထမ်းဆောင်နေခြင်းများ၊ လေကြောင်းစွမ်းပကားဖြင့် နိုင်ငံတော်ကာကွယ်ရေးဆောင်ရွက်နေရန်တို့ကိုပြောကြားခဲ့သည်။

အမျိုးသမီးစစ်မှုထမ်းများနှင့်ပတ်သက်၍ ၂၀၁၄ ခုနှစ်တွင် အမျိုးသမီး စစ်မှုထမ်းနှင့်အရာရှိများ ပြန်လည်ခန့်အပ်တာဝန်ပေးအပ်ခဲ့ခြင်း၊ ဘွဲ့ရများဖြစ်၍ အတွေ့အကြုံများစွာဖြင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချမှတ်နိုင်သည့်အရွယ်များဖြစ်ခြင်း၊ ခံယူချက်များ ကောင်းမွန်ခြင်းတို့ဖြင့် ကျရာတာဝန်ထမ်းဆောင်ရာတွင် နိုင်ငံတော်မှအားထားရသည့် အမျိုးသမီး အရာရှိကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။

တပ်မတော်သားများအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို အသက်စွန့်၍တာဝန်ထမ်းဆောင်ရန် သစ္စာဆို တိုင်တည်ထားသည့်အဖွဲ့အစည်းဖြစ်သဖြင့် မိမိတို့ကိုယ်ကို ဂုဏ်ယူ၍ တာဝန်ထမ်းဆောင်ရန် လိုပြီး နိုင်ငံတော်နှင့်တပ်မတော်အပေါ် သစ္စာစောင့်သိရန်လိုကြောင်းလည်း ထည့်သွင်းမှာကြားသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းတို့လည်း တက်ရောက်ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here