အာရှမီဒီယာထိပ်သီးညီလာခံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်မည်

0
315

(၁၉) ကြိမ်မြောက် အာရှမီဒီယာထိပ်သီးညီလာခံနှင့် ဆက်စပ်အစည်းအဝေးများ (19th ASIA MEDIA SUMMIT & ASSOCIATED MEETINGS) ကို စက်တင်ဘာ (၁) ရက်မှ (၅) ရက်အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (AIBD) က စီစဉ်ကျင်းပမည်ဖြစ်သည်။

အဆိုပါညီလာခံကို “Media : The New Odyssey” ဆောင်ပုဒ်နှင့်အညီ ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုများနှင့် မီဒီယာနှင့်ရုပ်သံထုတ်လွှင့်မှုများ၊ AI ၏ ရှုထောင့်အမျိုးမျိုး၊ သင်ယူခြင်းနှင့် တိုးတက်မှုများ ပူးပေါင်းအားထုတ်မှုများကို အာရှ-ပစိဖိတ်ဒေသမှ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးဝန်ကြီးများ၊ အစိုးရအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာမီဒီယာကဏ္ဍ ဆုံးဖြတ်ပိုင်ခွင့်ရှိသူများ၊ ပညာရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ မီဒီယာကျွမ်းကျင်သူများ၊ အာရှ-ပစိဖိတ်ဒေသတွင်းမှ ဆက်စပ်အဖွဲ့အစည်းများမှကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးကြမည်ဖြစ်သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ထိပ်သီးညီလာခံအကြိုကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲ ၁၀ ခု ဖြစ်သည့် သတင်းတု၊ သတင်းမှားတိုက်ဖျက်ခြင်း၊ မီဒီယာသိနားလည်မှုမြှင့်တင်ခြင်း၊ ထိခိုက်လွယ်အုပ်စုများအတွက်မီဒီယာမြှင့်တင်ခြင်း၊ သတင်းခန်းများတွင် AI အသုံးပြုခြင်းနှင့် အနာဂတ် 4 K ရုပ်သံထုတ်လွှင့်ရေးတွင် 5 G Trends အသုံးပြုခြင်းဆိုင်ရာ စသည့်အလုပ်ရုံဆွေးနွေးပွဲများ၌ ပါဝင်တက်ရောက်၍ မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များနှင့် အတွေ့အကြုံများကို ဆွေးနွေးမည်ဖြစ်သည်။

အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (AIBD) ကို ၁၉၇၇ ခုနှစ်တွင် ယူနက်စကို၏ ဦးဆောင်မှုဖြင့် စတင်တည်ထောင်ခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် AIBD တွင် တင်းပြည့်အဖွဲ့ဝင် (Full Membership) အဖြစ် ၁၉၉၇ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး အသင်းဝင်စည်းကမ်းများနှင့်အညီ ပူးပေါင်း ပါဝင်ဆောင်ရွက်လျက်ရှိရာ AIBD က စီစဉ်ကျင်းပသည့် သင်တန်းများ၊ အစည်းအဝေးများ၊ Seminar များ၊ Conference များနှင့် Online မှ ပြုလုပ်သော သင်တန်းများသို့ သက်ဆိုင်ရာ ဝန်ထမ်းများ ပါဝင်တက်ရောက်လျက်ရှိသည်။

အဆိုပါ အာရှမီဒီယာ ထိပ်သီးညီလာခံကို တောင်ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားစသည့် အာရှနိုင်ငံများက လှည့်လည်လက်ခံကျင်းပလျက်ရှိရာ ယခုနှစ်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ (၉)နှစ်အကြာတွင် ပြန်လည်လက်ခံကျင်းပခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here