စက်သုံးဆီဝယ်ယူခွင့် စမတ်ကတ် လုပ်မည်ဟု သတင်းထွက်ပေါ်နေ

0
185

စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီဝယ်ယူခွင့် စမတ်ကတ် ပြုလုပ်ရန် ဆွေးနွေးနေဆဲဖြစ်ကြောင်း၊ ယင်း Smart Card ရရှိပါက တနေ့လျှင်တစ်ကြိမ် စက်သုံးဆီဝယ်ယူခွင့်ရရှိမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လျှက်ရှိသည်။

” ပြီးခဲ့တဲ့တစ်ခေါက် စက်သုံးဆီတန်းစီဝယ်ယူနေရကတည်းက စက်သုံးဆီဝယ်ယူခွင့်အတွက် ကတ်ပြားလုပ်မယ်ဆိုပြီး သတင်းတွေထွက်လာတာ။ သိရသလောက်တော့ သူတို့ဒါကို ဆွေးနွေးနေတုန်းပဲသိရတယ်။ အစ်ကိုတို့လည်း အဲဒါကိုစောင့်နေတာ။ ခုထိတော့ ဘာမှအကြောင်းမကြားသေးဘူး” ဟုအငှားယာဉ်မောင်းတစ်ဦးက‌ ပေါ်ပြူလာနယူးစ်သို့ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်မှစတင်ပြီး နိုင်ငံအဝန်းစက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်ခဲ့ပြီးအရေးပေါ် အစီအစဉ်ဖြင့် ဖြည့်တင်းပေးခြင်း၊ နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခဲ့မှုများကြောင့် ပြန်လည်အဆင်ပြေမှုရှိခဲ့သည်။

ထို့ပြင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၁၀၀ ထုတ်ရောင်းပေးခဲ့သော်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာမြင့်တက်လာသလို ယမန်နေ့မှစတင်ကာ စက်သုံးဆီအရောင်းတချို့ ဓာတ်ဆီဈေးနှုန်းဖွင့်လှစ်ထားခြင်းမရှိသကဲ့သို့ ဈေးနှုန်းဖွင့်လှစ်ထားသော ဆိုင်များတွင်လည်း ယာဉ်တန်းရှည်ကြီးများဖြင့် တန်းစီဝယ်ယူရမှုများ ထပ်မံဖြစ်ပေါ်နေပြန်သည်။

သီရိလင်္ကာ နိုင်ငံတွင်ငွေကြေးအကျပ်အတည်းဖြစ်ခဲ့စဥ်ကလည်း နိုင်ငံခြားငွေမရှိ၍ဆီတင် သင်္ဘောများပေါ်မှ ချနိုင်ခြင်း မရှိကာ တန်းစီထုတ်ရသည့်ဖြစ်စဥ် လွန်ခဲ့သော ၂နှစ်ခန့်ဖြစ်ခဲ့သေးသည်။ ထိုပြသနာကို “QR code ပေးတဲ့စနစ်နဲ့ရေတိုဖြေရှင်းခဲ့ရပြီး ရေရှည်အတွက် IMF မှ ချေးငွေယူလိုက်ရပါတယ်။ချေးငွေဟာလည်း နောက်မျိုးဆက်တွေကြိုးစားရုန်းကန်ဆပ်ရမှာမို့ အဖြေကောင်း တစ်ခုတော့မဟုတ်ပါဘူး”ဟု သီရိလင်္ကာနိုင်ငံသားတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ရှင်းပြသည်။QR ကုဒ်စနစ်ဖြင့် ဆီခွဲတမ်းချမှုကို တနှစ်ခန့်အသုံးပြုပြီးနောက်၂၀၂၃ စက်တင်ဘာ ၁ ရက်တွင် စကင်န်ဖတ်စရာမလိုတော့ကြောင်း ထုတ်ပြန်ခဲ့သည်။

လက်ရှိပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ ၉၂ တစ်လီတာ ၃၁၀၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၃၂၄၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၆၅၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၃၂၉၅ ကျပ် ဖြစ်ကြောင်း သိရသည်။

ပုံ- သီရိလင်္ကာတွင် စက်သုံးဆီခွဲတမ်း QR စကင်န်ဖတ်နေပုံ


LEAVE A REPLY

Please enter your comment!
Please enter your name here