စီမံကိန်းများအကောင်အထည်ဖော်ရာ၌ သတ်မှတ်ချိန် မပြီးစီးလျှင် မြေယာရယူထားမှုများကို ဥပဒေနှင့်အညီ စိစစ်သွားမည်

0
92

မြေလွတ်မြေရိုင်းများအပေါ်၌ စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရာတွင် သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ခြင်းမပြုဘဲ မြေယာများ ရယူထားမှုများကို ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်သွားရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားလိုက်သည်။

နစက ဥက္ကဋ္ဌသည် ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်အချို့၊ ဌာနဆိုင်ရာ တာဝန်ရှိသူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများ ဆွေးနွေးရာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

လယ်ယာမြေများကို အခြားနည်းဖြင့်သုံးစွဲရန်အတွက် တိုင်းဒေသကြီးအဆင့်ဖြင့် ဆောင်ရွက်၍ရသော်လည်း လယ်မြေများကို အခြားနည်းဖြင့် ပြောင်းလဲသုံးစွဲမှုများကို နိုင်ငံတော်အစိုးရထံ ခွင့်ပြုချက် ရယူရမည်ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။

ထို့ပြင် လယ်မြေများကို အခြားနည်းများဖြင့် သုံးစွဲခြင်းများကြောင့် စိုက်ပျိုးမြေများလျော့နည်းလာပြီး စိုက်ပျိုးထုတ်လုပ်မှုများကို ထိခိုက်စေနိုင်ကြောင်း၊ ထိုကြောင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မြေယာများနှင့်ပတ်သက်၍ စနစ်တကျဖြင့် စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း ထပ်မံပြောကြားသည်။

ထို့ပြင် မြေများကို အကျိုးရှိစွာဖြင့် အသုံးချနိုင်ရန်လိုကြောင်း၊ မြေလွတ်မြေရိုင်းများနှင့် လယ်ယာမြေပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ ဥပဒေများကို ပြန်လည်သုံးသပ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဗိုလ်ချုပ်ကြီး ညိုစော၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့်တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here