တရုတ်ဈေးကွက်တစ်ခုတည်းသို့ တင်ပို့နေရသည့် ဧရာဝတီတိုင်းထွက် မတ်ပဲများ

0
248

ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့် မတ်ပဲကို တရုတ်ဈေးကွက်မှလွဲ၍ ကျန်နိုင်ငံများသို့ တင်ပို့နိုင်ခြင်းမရှိသေးသည့်အတွက် စိုက်ပျိုးသူများ၊ ကုန်သည်များနှင့် လုပ်ငန်းရှင်များ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။

အဆိုပါဒေသထွက် မတ်ပဲကို ယခင်က ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့်အိန္ဒိယစသည့်နိုင်ငံများထံသို့ အကန့်အသတ်မရှိ တင်ပို့ရောင်းချခဲ့သော်လည်း လက်ရှိအခြေအနေအရ တရုတ်နိုင်ငံတခုတည်းဆီကိုသာ အကန့်အသတ်ဖြင့် တင်ပို့နေရကြောင်း သိရသည်။

” ကိုဗစ်ပြီးကတည်းက ပြည်ပဈေးကွက်နဲ့ ပြန်ပြီး ချိတ်ဆက်အလုပ် မလုပ်နိုင်သေးဘူး။ လုပ်ငန်းတွေက ပုံစံတကျပြန်မလည်ပတ်နိုင်သေးဘူး။ တင်ပို့တဲ့အခါမှာလည်း လမ်းကြောင်းအခက်အခဲတွေရှိတော့ မသွားနိုင်ဘူး။ ကုန်ကျစရိတ်ကလည်း အရင်ထက် ပိုကုန်တယ်။ တင်ပို့တဲ့လမ်းကြောင်းတွေသာ ကောင်းမယ်ဆိုရင် အခက်အခဲမရှိဘူး”ဟု ဧရာဝတီတိုင်းရှိ မတ်ပဲကုန်သည်တစ်ဦးကပြောသည်။

ယခင်က မတ်ပဲ ၁၆ ပြည် တအိတ် ငွေကျပ် ၁၃၅,၀၀၀ မှ ၁၅၅,၀၀၀ အထိ ဈေးရရှိခဲ့ပြီး လက်ရှိမတ်ပဲ ၁၆ ပြည်တအိတ်ကို ငွေကျပ် ၉၈,၀၀၀ မှ ၁၀,၅၀၀၀ အထိသာဈေးရရှိသည့်အတွက် လုပ်သားခ၊ သွင်းအားစုစရိတ်၊ အခြားအထွေထွေကုန်ကျစရိတ်နှင့် နှိုင်းယှဉ်တွက်ချက်ပါက အရှုံးပေါ်နေကြောင်း သိရသည်။

ဧရာဝတီတိုင်း၏ စိုက်ပျိုးရေးလုပ်ငန်းများထဲတွင် စပါးပြီးပါက ပဲသီးနှံကို အဓိက စိုက်ပျိုးခြင်းဖြစ်ပြီး မတ်ပဲသီးနှံကို ဝါးခယ်မ၊ အိမ်မဲ၊ မြောင်းမြ၊ ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်၊ ကျောင်းကုန်း၊ လပွတ္တာ၊ မော်လမြိုင်ကျွန်း၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ပန်းတနော်၊ အင်္ဂပူ၊ သာပေါင်း၊ ငပုတော စသည့်မြို့နယ်များ‌တွင် စိုက်ပျိုးကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here