YBS မှတ်တိုင်များတွင် ရပ်နားသည့်မည်သည့်ယာဉ်ကိုမဆို အရေးယူမည်

0
208

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော အများပိုင် YBS ယာဉ်လိုင်းများ၏ မှတ်တိုင်များတွင် တက္ကစီအပါအဝင် အခြားယာဉ်များရပ်နားထားခြင်းကို တွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း YRTC မှ သိရသည်။

YRTC အနေဖြင့် YBS ယာဉ်များယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ မောင်းနှင်သွားလာစေရေးအတွက် စစ်ဆေးရေးအဖွဲ့ ၁၀ ဖွဲ့ဖြင့်စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယင်းတွင် မှတ်တိုင်များ၌ YBS ယာဉ်မှအပ အခြားယာဉ်များရပ်နားထားခြင်းကို တွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

” YBS ကားမှတ်တိုင်တွေမှာ အငှားယာဉ်တွေနဲ့ အိမ်စီးကားတွေ ရပ်နားထားတာတွေကြောင့် YBS ကားတွေက မှတ်တိုင်ကျော်ရပ်တာတွေဖြစ်လာတယ်။ပြီးတော့ လမ်းလယ်မှာ ရပ်ပြီး ခရီးသည်အတင်/အချတွေလုပ်လာတယ်။ အဲဒီလိုပြုလုပ်မှုတွေကြောင့် ခရီးသွားပြည်သူတွေ ယာဉ်တိုက်မှုအန္တရာယ်နဲ့ မကြာခဏကြုံရတယ်။ ဒါကြောင့် ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့နဲ့ ယာဉ်ကြောပိတ်ဆို့တာတွေ လျော့နည်းသွားစေဖို့ သက်ဆိုင်ရာပူးပေါင်းအဖွဲ့နဲ့ ထိရောက်စွာ ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်သွားပါမယ်” ဟု YRTC မှတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

အဆိုပါ စည်းကမ်းလိုက်နာခြင်း မရှိသည့် ယာဉ်များကိုယခင် မထသ လက်ထက်တွင်ကျင့်သုံးခဲ့သည့်  ပြစ်မှုပြစ်ဒဏ် ၁၃၈ ချက်နှင့်အညီ အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

ရန်ကုန်မြို့အတွင်း၌ YBS ယာဉ်လိုင်းများသည် ယာဉ်လိုင်းပေါင်း ၁၃၁ လိုင်းမှ ယာဉ်အစီးရေ ၃၈၀၀ ဖြင့် နေ့စဉ်ပုံမှန်ပြေးဆွဲနေပြီး တစ်ရက်လျှင် ခရီးသွားပြည်သူ တစ်သန်းခွဲခန့်ကို ပို့ဆောင်ပေးနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here