KTV/ CLUB/ BAR နှင့် စားသောက်ဆိုင်များသို့ စိတ်ပြောင်းဆေးဝါး ဖြန့်ဖြူးရောင်းချနေသူအား ဖမ်းမိ

0
106

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် KTV/ CLUB/ BAR နှင့် စားသောက်ဆိုင်များသို့ လာရောက်သူများကို စိတ်ပြောင်းဆေးဝါး ဖြန့်ဖြူးရောင်းချနေသူအမျိုးသား (၁)ဦးအား ကျပ်သိန်း ၆၀၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာ(၁)ရက် ည (၇)နာရီ (၃၅)မိနစ်အချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်၊ ၇၃ လမ်း၊ ၁၀၇ x ၁၀၈ လမ်းကြား၌ KTV/ CLUB/ BAR နှင့် စားသောက်ဆိုင်များတွင် လူငယ်များအား အန္တရာယ်ဖြစ်စေသည့် စိတ်ပြောင်းဆေးဝါးများ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သတင်းရရှိထားသူ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

သတင်းရရှိထားသူ စိန်မြင့်(ခ)အားသာ အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၅၀၀ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၆၀၀)၊ လက်ကိုင်ဖုန်း ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ စိန်မြင့်(ခ)အားသာ(၂၅)နှစ်အား အမှတ်(၁၁)နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here