ဘူဆန်မြို့တွင် တွေ့ရှိထားသည့် မြန်မာနိုင်ငံသား NAN LIN ၏ မိသားစုနှင့် အဆက်သွယ်ရရှိပြီဖြစ်ကြောင်း မြန်မာသံရုံးမှ ပြန်လည်အသိပေး

0
176

ကိုရီးယားသမ္မတနိုင်ငံ၊ ဘူဆန်မြို့၊ Seobu Police Station ထံမှ ဆက်သွယ်အကြောင်းကြားချက်အရ မြန်မာသံရုံးအနေဖြင့် မြန်မာနိုင်ငံသား NAN LIN ဆိုသူအား လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနိုင်ရေးနှင့် မြန်မာနိုင်ငံရှိ ၎င်း၏ မိသားစုဝင်များထံသို့ ဆက်သွယ်အကြောင်းကြားပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါတွင် ၎င်း၏ မိသားစုနှင့် အဆက်သွယ်ရရှိပြီဖြစ်ကြောင်း သိရသည်။

မြန်မာသံရုံးအနေဖြင့် မြန်မာနိုင်ငံသား NAN LIN ကို ဘူဆန်မြို့၊ Seobu Police Station တွင် တွေ့ရှိစဉ်က ကာယကံရှင်အနေဖြင့် ၎င်းနှင့် ပတ်သက်သည့်ကိုယ်ရေးအချက်အလက်များကို ပြောပြနိုင်ခြင်း မရှိသည့်အတွက် သံရုံးလူမှုကွန်ယက်စာမျက်နှာမှတဆင့် ၎င်းကို သိရှိသူများရှိပါက မှတ်ချက်ပေးဆက်သွယ်ရန် အသိပေးကြေညာခဲ့ ဖြစ်သည်။

အဆိုပါ အသိပေးကြေညာချက်ကို ဖတ်ရှုခဲ့ကြသော မြန်မာနိုင်ငံသားများအနက်မှ NAN LIN ကို သိရှိကြသူများ၏ မှတ်ချက်ပြုရေးသားချက်များမှတစ်ဆင့် ၎င်း၏မိသားစုနှင့် အဆက်အသွယ်ရရှိရေး ဆောင်ရွက်နိုင်ခဲ့သည့်အပြင် မြန်မာသံရုံးအနေဖြင့် NAN LIN အား ဘူဆန်မြို့ မှတစ်ဆင့် မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ စက်တင်ဘာ နှစ်ရက်နေ့ နံနက်ပိုင်းတွင် ခေါ်ယူရန် စီစဉ်ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် သံအမတ်ကြီး ဦးသန့်စင် က NAN LIN အား သံအမတ်ကြီး၏ ဧည့်ခန်းမ၌ ခေါ်ယူတွေ့ဆုံခဲ့ပြီး ၎င်း၏ အလုပ်အကိုင်၊ ကျန်းမာရေး၊ လှုမှုရေးဆိုင်ရာ အခြေအနေများကို မေးမြန်းခဲ့ကာ ကာယကံရှင်၏ဆန္ဒအရ ၎င်း၏မွေးရပ်ဇာတိသို့ ပြန်လည်ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံးမှ စီစဉ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကောင်စစ်တာဝန်ခံအရာရှိနှင့် အလုပ်သမားသံအရာရှိ တို့အား လမ်းညွှန်မှုများပေးခဲ့ပြီး ကာယကံရှင်အတွက် လိုအပ်မည့် အဝတ်အထည်နှင့် ထောက်ပံ့ငွေ တို့ကိုလည်း ‌ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းအား မြန်မာနိုင်ငံသို့ ပြန်လည်မထွက်ခွာမီအချိန်အထိ ဆိုးလ်မြို့၌ ခေတ္တနေထိုင်နိုင်ရေးအတွက် နေရာထိုင်ခင်းကိုလည်း မြန်မာသံရုံးအနေဖြင့် စီစဉ်ဆောင်ရွက်ပေးထားပြီးဖြစ်ကာ မြန်မာနိုင်ငံသား NAN LIN အတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် လူမှုကွန်ရက်မှတစ်ဆင့်လည်းကောင်း၊ တယ်လီဖုန်းဖြင့်လည်းကောင်း ဆက်သွယ်သတင်းပေး ကူညီဆောင်ရွက်ပေးခဲ့ကြသူများအားလုံးကို မြန်မာသံရုံးအနေဖြင့် အထူးပင် ကျေးဇူးတင်ကြောင်း လူမှုကွန်ယက်စာမျက်နှာမှ ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here