စက်သုံးဆီစျေး မြင့်တက်မှုကြောင့် တက္ကစီ စီးနင်းခများလည်းမြင့်တက်လာ

0
236

စက်သုံးဆီဈေး မြင့်တက်လာမှုကြောင့် တက္ကစီ စီးနင်းခများလည်း မြင့်တက်လာခဲ့ပြီး ရန်ကုန်မြို့နေ ပြည်သူများအဖို့ တက္ကစီစီးနင်းခြင်းသည် မသက်သာသည့် အဆုံးမှ ရွေးချယ်စရာဖြစ်လာသည်။

“ဟိုနား ဒီနား ငါးထောင်၊ ဆီစျေးတက်လို့ ၊ Gas မရလို့ပြောတော့လည်း ကိုယ်လည်း သိနေတော့ စျေးလည်း အများကြီးဆစ်မရ၊ သူတို့လည်း သူ့အခက်အခဲ၊ ကိုယ်လည်း ကိုယ့်အခက်အခဲ ဖြစ်နေတာ” ဟု ရန်ကုန်မြို့နေ ရုံးဝန်ထမ်း အမျိုးသားတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။

တက္ကစီ စီးနင်းမှုသည်လည်း ရန်ကုန်မြို့နေသူများအတွက် နောက်ဆုံး မတတ်သာသည့် အဆုံးမှ ရွေးချယ်စရာတခုဖြစ်လာနေပြီး အများအားဖြင့် မြို့တွင်း YBS ယာဉ်များကိုသာအားကိုးအားထားပြုနေရသည်။

“တချို့ရုံးတွေက အကြိုအပို့လုပ်ပေးတယ်လေ၊ အကြိုအပို့မရှိတဲ့ အကိုတို့ရုံးဆို လိုင်းကားကြပ်ပိတ်နေတာကို တမေ့တမောစီး၊ ထိုင်ခုံကမရနဲ့ တပတ်လုံး ချာလည်နေတာ၊ တက္ကစီက မဖြစ်သာတဲ့အဆုံး၊ ရုံးနောက်ကျ အိမ်ပြန်နောက်ကျမှ စီးတော့တာ” ဟု မြောက်ဥက္ကလာပမြို့နယ်မှ ဆူးလေသို့ ရုံးလာတက်ရသူ ဝန်ထမ်းအမျိုးသားကလည်း ပေါ်ပြူလာနယူးစ်ကို ပြောသည်။

လက်ရှိတွင် စက်သုံးဆီဈေး မြင့်တက်လာမှုကြောင့် တက္ကစီစီးနင်းခများမှာလည်း ယခင်ထက် နှစ်ဆဝန်းကျင်နီးပါး ဈေးနှုန်းမြင့်တက်လာနေပြီး တက္ကစီ စီးနင်းသူများမှာလည်း ယခင်ထက် ပိုမိုနည်းပါးလာနေကြောင်း တက္ကစီမောင်နှင်းသူတစ်ဦးက ပြောသည်။

“အခုက လက်တားက မရှိသလောက်ပဲ၊ Grab လေးဝင်ထားတော့ ရုံး grab ဘာညာလောက်ကိုဆွဲပေးနေရတယ်။ ပြီးတော့ လစာထုတ်ရက်လေး နည်းနည်းဆွဲရတယ်။ ကျန်တဲ့ရက်တွေ လူမရဘူး” ဟု သူကရှင်းပြသည်။

ထို့အပြင် စက်သုံးဆီများ မကြာခဏ ပြတ်လပ်မှုကြောင့်စက်သုံးဆီတန်းစီရန်လည်း အချိန်ပေးနေရသည့်အတွက် တက္ကစီယာဉ်မောင်းများမှာလည်း ခရီးသည်ရှာချိန်အပါအဝင် ဝင်ငွေရရှိမှုမှာ နည်းပါးလာနေသည်။

“အုံနာခကလည်းတိုးတယ်။ ကိုယ်တွေက ခရီးသည်ကမရ၊ ကားက ဆီတန်းစီရနဲ့ မလွယ်ဘူး” ဟု အထက်ပါ တက္ကစီယာဉ်မောင်းကပင် ပြောသည်။

ရန်ကုန်မြို့တွင် ယနေ့ စက်တင်ဘာလ ၂ ရက်နေ့၌ စက်သုံးဆီစျေးနှုန်းသည် 92 တလီတာလျှင် ၃၁၀၀ ကျပ်၊ 95 တလီတာလျှင် ၃၂၄၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၆၅၅ကျပ်၊ ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၃၂၉၅ကျပ် ရှိနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here