သဘာဝဘေးနှင့် စစ်ဘေးဒဏ်ခံပြည်သူများအား RCSS/SSA ထိန်းချုပ်နယ်မြေများတွင်လာရောက်ခိုလှုံနိုင်ဟု ဆို

0
143

သဘာဝဘေးနှင့် စစ်ဘေးဒဏ်ခံနေသည့်ပြည်သူများအနေဖြင့် RCSS/SSA ထိန်းချုပ်မှုအောက်ရှိ နယ်မြေအတွင်း လာရောက်ခိုလှုံနိုင်ပြီး တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးသွားမည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်(RCSS/SSA)၏ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွတ်စစ် က ပြောကြားသည်။

ထိုပြောကြားမှုအား RCSS/SSA ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာတစ်ခုဖြစ်သည့် Tai Freedom လူမှုကွန်ရက်စာမျက်နှာမှတဆင့် ရှမ်းဘာသာဖြင့် အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါ အသိပေးချက်တွင် ကွန်ဟိန်း၊ ခိုလမ်၊ ကျိုင်းတောင်း၊ မိုးနဲ၊ မိုင်းပန်နှင့် လင်းခေးမြို့နယ်ရှိ ပြည်သူများ အနေဖြင့် သဘာဝဘေးဒဏ်ကြောင့် ကောက်ပဲ သီးနှံနှင့် စပါးစိုက်ခင်းများ ဆုံးရှုံးခဲ့ရသူများ၏ အခက်အခဲများကို RCSS က နားလည်သဘောပေါက်ပြီးများစွာစိတ်မကောင်းဖြစ်ရကြောင်း ဆိုသည်။

ထို့ကြောင့် RCSS/SSA အနေဖြင့် သြဂုတ်လ(၂၉)ရက်နေ့၌ ကျိုင်းတောင်းမြို့ရေဘေးသင့်ပြည်သူများကို သွားရောက်ထောက်ပံ့ပေးသလို သြဂုတ်လ(၃၀)ရက်နေ့ကလည်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ် အတွင်းရှိ ရေကြီးနှစ်မြုပ်သည့် ကျေးရွာနေပြည်သူများကို စားနပ် ရိက္ခာ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အလားတူ နမ့်တိန်းချောင်း ရေကြီးမှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်နေသည့် လင်းခေးမြို့ပေါ် ရပ်ကွက်အချို့ နှင့် ဝမ်ဟတ်တိုက်နယ်အတွင်းရှိ ကျေးရွာအချို့လည်း ရေကြီးရေလျှံဖြစ်ပွားနေကြောင်း သိရသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင် စီ/ ရှမ်းပြည်တပ်မတော်(RCSS/SSA) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှုစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားပြီး၊ တပ်မတော်နှင့် ဆက်ဆံရေးကောင်းများ တည်ဆောက်ထားနိုင်သော ရှမ်းပြည်နယ်တောင်ပိုင်းရှိ အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။

ဓာတ်ပုံ- Tai Shan


LEAVE A REPLY

Please enter your comment!
Please enter your name here