ဖားကန့်ဒေသ လမောင်ကုန်းနှင့်တောမှော်တိုက်ပွဲများအပြီး နှစ်ဘက်ထိတွေ့မှုများ ငြိမ်သက်နေ စစ်ရေးပြင်ဆင်မှုများရှိနေဟု ဆို

0
135

ကချင်ပြည်နယ် ဖားကန့်ဒေသအတွင်း ဩဂုတ်လလယ်ပိုင်းက ဖြစ်ပွားခဲ့သော လမောင်ကုန်းနှင့် တောမှော်တိုက်ပွဲများအပြီး နှစ်ဘက်ထိတွေ့ပစ်ခတ်မှုများ ငြိမ်သက်နေပြီ၊ နှစ်ဖက်စစ်ရေးပြင်ဆင်မှုများရှိနေသည်ဟုခန့်မှန်းရကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါ လမောင်ကုန်းနှင့် တောမှော်တိုက်ပွဲများအပြီး ယမန်နေ့ စက်တင်ဘာ (၂)ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုများငြိမ်သက်နေကာ ဒေသတွင်း ဆက်သွယ်ရေးကွန်ရက်များမရှိရှိသည်မှလွဲ၍ ပုံမှန်အခြေအနေရှိသည်ဟု ၎င်းက ဆိုသည်။

“ဖားကန့်မှာ တစ်ပတ်လောက်ရှိပါပြီ ထိတွေ့တိုက်ပွဲဖြစ်တာမျိုးမရှိပါဘူး။ ပစ်တဲ့ခတ်တဲ့အသံတွေမရှိပါဘူး။ နောက်ဆုံးဖြစ်ခဲ့တဲ့တိုက်ပွဲက လွန်ခဲ့တဲ့ လသားတစ်ဝက်လောက်က ဖြစ်ပွားခဲ့တဲ့ လမောင်ကုန်းနဲ့ တောမှော် ပေါ့။ အဲ့ဒီနောက်ပိုင်း တပ်ဘက်ကလည်း ရဟတ်ယာဉ်နဲ့ စစ်ရေးဖြည့်တင်းမှုတွေရှိတယ်။ တစ်ဖက် KIA၊ KPDFဘက်ကလည်း ဒီနေရာကိူလက်မလွှတ်ရဖို့ ပြန်လည်ပြင်ဆင်နေတယ်လို့ကြားရတယ်။ နှစ်ဘက်လုံးကတော့စစ်ရေးတင်းမာပြီးတော့စောင့်ကြည့်နေတဲ့အနေအထားလို့ပဲ ပြောရမှာဘဲ။ ဒါပေမယ့် လောလောဆယ်ပစ်သံခတ်‌သံတွေ မရှိပါဘူး။ ပုံမှန်အတိုင်းပါဘဲ”ဟု ဒေသတွင်းအခြေအနေအား ရှင်းပြသည်။

လက်ရှိတွင် ဖားကန်ဒေသအတွင်း ဆက်သွယ်ရေးဖုန်းလိုင်းများမရရှိသေးဘဲ အင်တာနက်လိုင်းများအနေဖြင့် အိုင်ပီစတားနှင့် စတားလင့် စသည့် စက်များကိူအသုံး
ပြုတပ်ဆင်ကာ တစ်နာရီလျှင် ကျပ် (၁၀,၀၀၀)နှုန်းပေးကာ အသုံးပြုနေကြရကြောင်း ဆိုသည်။

“ဖုန်းလိုင်းတွေက ပွင့်တယ်လို့တော့ပြောသံကြာပေမယ့် ဆက်သွယ်လို့မရပါဘူး။ ဒါဆိုမရသေးတဲ့သဘောပါဘဲ။ လိုင်းတွေစမ်းသပ်နေတုန်းဘဲ ရှိသေးတယ်လို့မြင်တယ်။ ဖားကန့်မှာ အိုင်ပီစတားက တစ်လကို အခွန်(၁၅)သိန်းလောက်ဆောင်ရတယ်။ စတားလင့်ကတော့ ပေါက်ဈေး ကျပ်သိန်း (၃၅၀)နဲ့(၄၀၀)ကြားမှာရှိနေပါတယ်”ဟု ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here