မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ တပ်မတော်တို့ လေ့ကျင့်ရေး၊ သင်ကြားရေးကိစ္စများ ဆွေးနွေး

0
197

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေး၊ သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ National Defence College မှ အကြီးတန်း နည်းပြအရာရှိ (Senior Directing Staff) ဖြစ်သူ Major General Ajay Kumar Singh, AVSM, SM ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ စက်တင်ဘာ (၂)ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အိန္ဒိယသည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် အင်အားအကြီးဆုံး စစ်တပ်အဖြစ် ရပ်တည်နေပြီး အမေရိကန်၊ ရုရှားနှင့် တရုတ်တို့နောက်တွင် အင်အားအကြီးဆုံးဖြစ်ကြောင်း Global Firepower စစ်တမ်းကဆိုသည်။

Global Firepower သည် နိုင်ငံများ၏ စစ်ရေးအင်အားကို ဆုံးဖြတ်ရန် အချက် ၅၀ကျော်ခန့်ကို ထည့်သွင်းစဉ်းစားကာ တွက်ချက်ခြင်းဖြစ်သည်။ အဆိုပါအချက်များတွင် တပ်ဖွဲ့ဝင်အရေအတွက်၊ စစ်လက်နက်ပစ္စည်းများ၊ ငွေကြေးတည်ငြိမ်မှု၊ ပထဝီဝင်တည်နေရာနှင့် အရင်းအမြစ်များ ပါဝင်သည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊ လေ)နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အိန္ဒိယနိုင်ငံ National Defence College မှ အကြီးတန်းနည်းပြ အရာရှိ (Senior Directing Staff) ဖြစ်သူနှင့်အတူ သင်တန်းသား အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here