ဂျိုင်း(ဇာသပြင်)တံတား ၂၀၂၅ ခုနှစ်တွင်ပြီးစီးမည်

0
129

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်ရှိ ဂျိုင်း(ဇာသပြင်)တံတားတည်ဆောက်မှု ၂၀၂၅ ခုနှစ်တွင်ပြီးစီးမည်ဖြစ်ကြောင်း မွန်ပြည်နယ်၊လမ်းတံတားဦးစီးဌာန၊တံတားအထူးဖွဲ့ (၁၄) မှသိရသည်။

ထိုတံတားသစ် တည်ဆောက်မှု ပြီးသွားပါက တန် ၆၀ ကုန်တင်ယာဉ်များ အဆင်ပြေ လွယ်ကူစွာ သွားလာနိုင်မည်ဖြစ်သည်။

” ၂၆၁၅ ပေ သုံးဆိုင်းတွဲသံမဏိကြိုးဆိုင်းတံတားဖြစ်ပါတယ်။လက်ရှိကတော့ ကြိုးတံတားအဟောင်းကနေသွားနေကြပါတယ်။ ၁၃ တန်ထိခွင့်ပြုထားပါတယ်။ ၁၉၉၇ ခုနှစ်ကတည်းကတည်ဆောက်ထားတာဆိုတော့ ကြံ့ခိုင်မှုအားနည်းလာတဲ့အချိန်မှာခံနြိင်ဝန်ကလည်း ၁၃ တန်ပဲသွားလာခွင့်ရှိတယ်။ နောင်တချိန်မှာဒီဟာသည် မော်လမြိုင်ကနေ မြဝတီကိုသွားတာပဲဖြစ်ဖြစ်၊ ဘားအံကိုသွားတာပဲဖြစ်ဖြစ် တန် ၆၀ ကားတွေနဲ့ရာသီမရွေး အချိန်အခါမရွေး သွားလာလို့ရနိုင်အောင်အတွက် ဒီတံတားဆောက်ဖြစ်တာပါ”ဟု မွန်ပြည်နယ်၊လမ်းတံတားဦးစီးဌာန၊တံတားအထူးဖွဲ့ (၁၄) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိတွင် ဂျိုင်း(ဇာသပြင်)တံတားသစ်ကို ဂျပန်နိုင်ငံမှ ပညာရှင်များက ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ပြီး၊ ဂျိုင်းမြစ်ကို ဖြတ်၍ တည်ဆောက်ထားသော ဇာသပြင်တံတားမှာ ဇာသပြင်အနောက်ရွာ၊ ဘားအံမြို့နယ်နှင့် ခရုံရွာ၊ ကျိုက်မရောမြို့နယ်တို့ကို ဆက်သွယ်ထားသည့်တံတားတစ်စင်းဖြစ်သည်။

အဆိုပါတံတားတည်ဆောက်ပြီးစီးပါက မြဝတီမှတဆင့်ထိုင်းနိုင်ငံသို့ ကုန်စည်စီးဆင်းမှုပိုမိုလွယ်ကူလာမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here