တစ်လနီးပါးကြာ ဖမ်းဆီးခံခဲ့ရသည့် သံဖြူဇရပ် ဝဲခမိ အထက်တန်း ကျောင်းအုပ်နှင့် ဆရာ၊ ဆရာမများ ပြန်လည်လွတ်မြောက်

0
316

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ဝဲခမိအထက်ကျောင်းမှ ကျောင်းအုပ်အပါ အဝင် ဆရာ၊ ဆရာမ(၅)ဦးကို ဩဂုတ်လ(၂)ရက် နေ့လည်ပိုင်းတွင် မေးစရာရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး၊ ဩဂုတ် (၃၁)ရက်နေ့ ညနေပိုင်းအချိန်တွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

“ဟုတ်ပါတယ်ဗျ။ ဆရာဆရာမတွေ ပြန်လွတ်လာပါပြီ။ အခုတော့ မြို့နယ်ပညာရေးမှူးရုံးကို သူတို့သတင်းသွားပို့နေကြပါပြီ။ ဘာတွေစစ်မေးလည်းဆိုတာကတော့ မသိပါဘူး”ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် ဆရာ၊ ဆရာမ ငါးဦးမှာ အခြေခံပညာအထက်တန်း ကျောင်း (ဝဲခမိ) ကျောင်းအုပ်ကြီး ဦးမြင့်ဇော်ဦး၊ အထက်တန်းပြ ဆရာမ ဒေါ်ခင်မြတ်မြတ်ထွန်းနှင့် ဒေါ်ခိုင်ခိုင်မိုး၊ ဒုတိယ မူလတန်းပြ ကျောင်းဆရာများဖြစ်ကြသည့် ဦးကျော်ဘုန်းဝေ၊ ဦးကျော်စိုးလွင် တို့ဖြစ်ကြကြောင်း သံဖြူဇရပ်မြို့နယ်ပညာရေးမှူးရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

ယင်းဖြစ်စဉ် အကျဉ်းမှာ ဩဂုတ်လ (၂) ရက်နေ့ နံနက် (၁၁) နာရီအချိန်ခန့်က ပြောက်ကျားဝတ်လက်နက်ကိုင်အင်အား (၁၅) ဦးခန့်ရှိ
အဖွဲ့တစ်ဖွဲ့မှ ဝဲခမိကျေးရွာ အထက်‌တန်းကျောင်းအတွင်းသို့ ဝင်ရောက်လာပြီးကျောင်းအုပ်ဆရာကြီးအပါအဝင် ဆရာ၊ ဆရာမ (၂၈) ဦး၊ ကျောင်းစောင့် (၁) ဦး၊ စာရေး (၁) ဦး၊ သန့်ရှင်းရေး (၁) ဦး စုစုပေါင်း (၃၁) ဦးအား ကျောင်းအပြင်သို့ ခေါ်ထုတ်သွားပြီး ခေါင်းငုံ့ထိုင်ခိုင်းခဲ့ပြီးနောက် ကျောင်းအုပ်ဆရာကြီးအပါအဝင် ဆရာ၊ ဆရာမ (၅) ဦး၏ အမည်အား ခေါ်၍ မေးစရာရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဝဲခမိကျေးရွာသည် သံဖြူဇရပ် – ရေး အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးဘေးရှိ ကျေးရွာကြီးတစ်ရွာဖြစ်ပြီး၊ ယင်းအနီးတစ်ဝိုက် တပ်မတော်စစ်ကြောင်းနှင့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့တို့ မကြာခဏ ထိတွေတိုက်ပွဲ ဖြစ်ပွားလေ့ရှိသော နေရာဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here