သမဝါယမစာအုပ်ဖြင့် စားအုန်းဆီ စတင်ထုတ်ပေးနေ

0
288

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် သမဝါယမစာအုပ်ဖြင့် စားအုန်းဆီကို စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများ၏ ပြောပြချက်အရ သိရသည်။

ယခုစက်တင်ဘာလမှစတင်ပြီး စားအုန်းဆီကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း သမဝါယမစာအုပ်ဖြင့် ဝယ်ယူခွင့်ကို စတင်အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။

” ဆီစာအုပ်နဲ့ မနေ့ကတည်းကစပြီး ဝယ်လို့ရနေပြီ။ တစ်ပါတ်ကို တစ်ပိဿာဝယ်လို့ရတယ်။ အလှည့်ကျစနစ်နဲ့ပေါ့။ ဒီနေ့ ၄ ရပ်ကွက်ဘက်က ဘယ်လမ်းတွေဆီဝယ်လို့ရပြီပြောရင် သွားဝယ်ရတယ်။ နောက်ရက်ကျတခြားလမ်းတွေ။ အခုအဲဒီလိုမျိုးရောင်းပေးနေတယ်” ဟု တောင်ဥက္ကလာပမြို့နယ်တွင်နေထိုင်သည့် အိမ်ရှင်မတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

ယခုအခါ ရန်ကုန်ရှိ မြို့နယ်တချို့တွင် ဆီထုတ်ယူရမည့် စာအုပ်များကို သန်းခေါင်စာရင်း၊ မှတ်ပုံတင် မတောင်းဘဲ တအိမ်ထောင်ကို တအုပ်နှုန်းဆီ ဝယ်ခွင့်စာအုပ်များ လိုက်လံပေးဝေနေသလို မြို့နယ်တော်တော်များများတွင် မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ဧည့်စာရင်းများ လိုက်လံကောက်ခံ၍ စာအုပ်များပြုလုပ်ပေးနေကြောင်း သိရသည်။

အဆိုပါ ဆီဝယ်ခွင့်စာအုပ်တွင်ပါသည့် စည်းကမ်းချက်သည် ဆီစာအုပ်ကို တဆင့်ရောင်းချခြင်း၊ ပေါင်နှံခြင်းများ လုံးဝမပြုလုပ်ရဘဲ အိမ်ထောင်စုတစုကို ဆီစာအုပ်တအုပ်သာ ပိုင်ဆိုင်ခွင့်ရှိကြောင်း၊ထို့ပြင် စားအုန်းဆီကို သတ်မှတ်ထားသည်ရက်အတိုင်း ထုတ်ယူရန်နှင့် ပျက်စီးပျောက်ဆုံးပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ချက်ချင်းအကြောင်းကြားရမည်ဖြစ်ပြီး အသက် ၁၀ နှစ်အောက် ကလေ-းငယ်များကို လာရောက်ဝယ်ယူခွင့်မပြုကြောင်း သိရသည်။

စားအုန်းဆီတစ်ပိဿာ ပြင်ပပေါက်ဈေး နှစ်သောင်းအထိရှိခြင်းကြောင့် ရန်ကုန်မြို့ရှိ အခြေခံ လူတန်းစားများသည် သတ်မှတ်ဈေးဖြင့် ဝယ်ယူနိုင်ရန် ဆီဆိုင်များတွင် မနက်အစောထ၍ တန်းစီပြီး ဝယ်ယူနေရခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here