ယူကရိန်း စစ်လက်နက်ထုတ်လုပ်ရေးဝန်ကြီးနှင့် အခြားဝန်ကြီးလေးဦးနှုတ်ထွက်

0
206

စစ်လက်နက်ထုတ်လုပ်ရေးကို တာဝန်ယူရသော ယူကရိန်းအစိုးရဝန်ကြီးတစ်ဦး သည် အင်္ဂါနေ့တွင် နှုတ်ထွက်ခဲ့သကဲ့သို့ အခြား ဝန်ကြီးလေးဦးသည်လည်း နှုတ်ထွက်ခဲ့သဖြင့် ရုရှားနှင့် စစ်ပွဲ အရေးပါသောအလှည့်အပြောင်းကာလတွင် အစိုးရအဖွဲ့ကို ကြီးကြီးမားမား လှုပ်ခတ်စေခဲ့သည်။

မဟာဗျူဟာ စက်မှုလုပ်ငန်းဝန်ကြီး Oleksandr Kamyshin၊ ဒုတိယဝန်ကြီးချုပ် Olha Stefanishyna၊ တရားရေး၊ သဘာဝပတ်ဝန်းကျင်ရေးရာနှင့် ပြန်လည်ပေါင်းစည်းရေးဋ္ဌာန ဝန်ကြီးများသည် ယခုနှစ်အစောပိုင်းက ရာထူးထုတ်ပယ်မှုများကြောင့် နေရာ သုံးပုံတစ်ပုံလစ်လပ်နေသော အစိုးရအဖွဲ့မှ နုတ်ထွက်ခဲ့ကြခြင်းဖြစ်သည်။

သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနှင့် သူ၏ နိုင်ငံရေးမဟာမိတ်များသည် ဇလန်းစကီး၏ အမေရိကခရီးစဉ် မတိုင်မီ လစ်လပ်သွားသော ရာထူးနေရာများကို အစားထိုးရန် လုပ်ဆောင်လာနိုင်သည်။ ဇလန်းစကီးသည် အဓိကမဟာမိတ် အမေရိက ခရီးစဉ်အတွင်း သမ္မတ ဂျိုးဘိုင်ဒင်ကို သူ၏ “အောင်ပွဲစီမံချက်” ကို တင်ပြသွားရန် မျှော်လင့်ထားသည်။

ဆောင်းဦးရာသီသည် ယူကရိန်းအတွက် အလွန်အရေးကြီးလိမ့်မည်ဖြစ်ကြောင်း၊ ယူကရိန်းနိုင်ငံတော်အနေဖြင့် မိမိတို့ အားလုံးအတွက် လိုအပ်သော ရလဒ်အားလုံးကို ရယူအောင်မြင်နိုင်ရေးအတွက် နိုင်ငံတော်အဖွဲ့အစည်းများက ပြင်ဆင်သတ်မှတ်ထားသင့်ကြောင်း ဇလန်းစကီးက ညနေပိုင်းမိန့်ခွန်းတွင် ပြောဆိုသည်။

ယင်းအတွက် အစိုးရအဖွဲ့၏ အချို့သော နယ်ပယ်များကို အားကောင်းအောင်လုပ်ဆောင်ရမည်ဖြစ်ကြောင်းနှင့် ပြုပြင်ပြောင်းလဲမှုများအတွက် ပြင်ဆင်ပြီးဖြစ်ကာ (သမ္မတရုံး) တွင်လည်း အပြောင်းအလဲများ ရှိလာလိမ့်မည်ဖြစ်ကြောင်း သူက ဆိုခဲ့သည်။

ဇလန်းစကီးသည် စီးပွားရေးဘက်တွင် စွမ်းဆောင်နိုင်သော ၎င်း၏ လက်ထောက်တစ်ဦးဖြစ်သည့် Rostyslav Shurma ကိုလည်း ရာထူးက ထုတ်ပယ်ခဲ့သည်ဟု သမ္မတရုံး ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့သည့် အမိန့်အရ သိရသည်။

ကြီးမားသည့် အစိုးရအဖွဲ့ အားသစ်လောင်းမှုတွင် ဝန်ကြီးထက်ဝက်ကျော်၏ အပြောင်းအလဲကို မြင်တွေ့ရလိမ့်မည်ဟု ဇလန်းစကီး၏ ပါတီမှ ဝါရင့်လွှတ်တော်အမတ် ဒေးဗစ် အေရာခါမီယာက ပြောဆိုသည်။

“မနက်ဖြန် ရာထူးထုတ်ပယ်မှုတွေလုပ်မယ့်နေ့နဲ့ နောက်တစ်နေ့ ရာထူးနေရာ ခန့်အပ်မှုတွေလုပ်မယ့်နေ့က ကျွန်တော်တို့ကို စောင့်ကြိုနေပါတယ်” ဟု သူက ပြောဆိုခဲ့သည်။

Ref: ဆောက်ချိုင်းနားမောနင်းပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here