တိုင်ဖွန်းမုန်တိုင်း(YAGI – 12W) အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့မိုးရွာမည်၊ တာချီလိတ်တွင် ထပ်မံရေကြီးနိုင်ဟုဆို

0
450

တောင်တရုတ်ပင်လယ်အတွင်း စတုတ္ထမြောက် တိုင်ဖွန်းမုန်တိုင်း(YAGI – 12W) အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့မိုးရွာနိုင်ပြီးတာချီလိတ်တွင် တကျော့ပြန်ရေပြန်ကြီးလာနိုင်ကြောင်း မိုးလေဝသလေ့လာသုံးသပ်သူဦးဝင်းနိုင်က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ရွှေတြိဂံနယ်မြေရှိ တာချီလိတ်ဒေသတွင် စက်တင်ဘာလ ၉ ရက်မှ ၁၂ ရက်အထိ မိုးအလွန်များနိုင်ပြီး မယ်ဆိုင်ချောင်းရေကြီးမှုတကျော့ပြန်ထပ်ဖြစ်လာနိုင်ကြောင်း သတိပေးရေးသားထားသည်။

တိုင်ဖွန်းမုန်တိုင်းသည် တရုတ်ပြည်-ဟိုင်နန်ကျွန်းမြောက်ဘက်အစွန်ကို ပထမဖြတ်ကျော်တိုက်ခတ်ပြီးသည့်နောက် ဗီယက်နမ်မြောက်ပိုင်းကမ်းခြေသို့ ဒုတိယအကြိမ်မြောက်ဖြတ်ကျော်ဝင်ရောက်နိုင်ပြီး ဟနွိုင်းမြို့တော်တွင် လေတိုက်နှုန်း တနာရီ မိုင် ၉၀ အထက်အထိ တိုက်ခတ်နိုင်ကာ မိုးအလွန်သည်းထန်နိုင်ကြောင်း သိရသည်။

အဆိုပါ အားကောင်းသည့် တိုင်ဖွန်းမုန်တိုင်း YAGI သည် ဗီယက်နမ်နိုင်ငံကမ်းခြေကိုဖြတ်ကျော်တိုက်ခတ်ပြီးသည့်နောက် လာအိုနိုင်ငံမြောက်ပိုင်း၊ ဗီယက်နမ်-လာအို-တရုတ်ပြည်မ နယ်စပ်အနီးရောက်သည်အထိ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအနေဖြင့် ဆက်လက်ရွေ့လျားကာ စက်တင်ဘာလ ၉ ရက်နေ့တွင်ရွှေတြိဂံနယ်မြေ မြန်မာ-လာအို-ထိုင်းနယ်စပ်အနီး အားပျော့ပျက်ပျယ်သွားနိုင်မည်ဖြစ်ကြောင်း ECMWF model ခန့်မှန်းချက်အရ သိရသည်။

ယင်းမုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များနှင့် ဘင်္ဂလားပင်လယ်အော်အတွင်း စက်တင်ဘာလ ၅ ရက်ညနေပိုင်းမှစပြီးဖြစ်လာနိုင်မည့် လေဖိအားနည်းရပ်ဝန်း၏ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံအရှေ့ဖျားမှ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတွေအထိရောက်နိုင်ပြီး စက်တင်ဘာ ၇ ရက်နေ့မှ စတင်ကာ တနိုင်ငံလုံးတွင် နေရာအနှံ့အပြားမိုးရွာနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here