နေစရိတ်နှင့် အထွေထွေစရိတ်မြင့်တက်လာမှုကြောင့် ရန်ကုန်ကို လာရောက်အလုပ်လုပ်ကြသူများ အခက်တွေ့

0
161

ရန်ကုန်မြို့တွင် တိုက်ခန်းခများ၊ အဆောင်ငှါးခများ မြင့်တက်လာနေပြီး အထွေထွေ အသုံးစရိတ်ပါ မြင့်တက်လာမှုကြောင့် နယ်ကတက်လာ၍ နေထိုင်အလုပ်လုပ်ကြသူများ ငွေကြေးအခက်အခဲ တွေ့နေရသည်။

“ရတဲ့လစာက သုံးသိန်း၊ ငါးသောင်းတိုးပေးတယ်။ အဆောင်ခရယ်၊ ဝိုင်ဖိုင်ဖိုး၊ ဘေဖိုး၊ စားသောက်စရိတ်ဖယ်လိုက်ရင် အိမ်ကို ပြန်မပို့နိုင်ဘူး၊ တကိုယ်စာကို ရုန်းကန်နေရတယ်” ဟု ရန်ကုန်မြို့ လှည်းတန်းတွင် အဆောင်နေသူတစ်ဦးက ပေါ်ပြူလာနယူးကိုပြောသည်။

လက်ရှိတွင် တိုက်ခန်းများနှင့် အဆောင်ငှါးရမ်းခများသည် ယခင်နှစ်များထက် စျေးမြင့်တက်နေသလို အဆောင်ငှါးရမ်းခသည်လည်း တစ်သိန်းမှ တစ်သိန်းခွဲအထိ ရှိလာနေသည်။

တိုက်ခန်းငှါးရမ်းရာတွင်လည်း အနည်းဆုံး ခြောက်လချုပ်ရမည်ဖြစ်ကာ တလတာလျှင် သုံးသိန်းနီးပါးဖြင့် ချုပ်ဆိုငှါးရမ်းရမည် ဖြစ်သည့်အတွက် နယ်မှ ရန်ကုန်သို့ လာရောက်လုပ်ကိုင်သူအများစုမှာ လချင်းပေးရသည့် အဆောင်များကိုသာ ပိုမ်ိုရွေးချယ်စရာ ဖြစ်နေသည်။

ထို့အပြင် အဆောင်နေ အလုပ်လုပ်သူများ၊ သင်တန်းတက်၊ ကျောင်းတက်နေသူများလည်း နေစရိတ်၊ စားစရိတ်မြင့်မားလာမှုကြောင့် ရန်ကုန်တွင် ရပ်တည်ရန် ငွေကြေးအခက်အခဲ ဖြစ်ပေါ်နေပြီး အဆောင်ငှါးရမ်းသည့် group များတွင် ကျောတခင်းစာရလျှင် အဆင်ပြေသည်၊ စျေးသက်သာသောနေရာကိုသာ ရရန်လိုသည်ဟု အဓိပ္ပာယ်ရသည့် နေရာများကို ရှာဖွေနေကြသည်။

ထို့ကြောင့် စီးပွါးရေး အကြပ်တည်းများအကြား ရန်ကုန်မြို့သို့ ရွှေ့ပြောင်းလာသူများသည် ကျောတခင်းစာသည်ပင်လျှင် ၄င်းတို့အတွက် ကူကယ်ရာ နေရာတခုဖြစ်နေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here