ဒေါပုံမြို့နယ်၊ ဗိုလ်ဆွန်ပတ်လမ်းရှိ လူနေတိုက်ခန်း အပေါ်ဆုံးထပ်တွင် မီးလောင်မှု တစ်ခုဖြစ်ပွား

0
276

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းစံရပ်ကွက်၊ ဗိုလ်ဆွန်ပတ်လမ်းရှိ လူနေတိုက်ခန်း အပေါ်ဆုံးထပ်တွင် မီးလောင်မှုဖြစ်ပွားရာ Level 1 အဆင့် ယာဉ်အုပ်စုဖြင့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ယနေ့ (၄)ရက်၊ ည (၇)နာရီ (၃)မိနစ်အချိန်ခန့်က ၎င်းနေရာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ဒေါပုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာတွင် ည (၇)နာရီ (၇)မိနစ်အချိန်တွင် မီးလောင်မှုမှာ Level 1 အဆင့် သတ်မှတ်၍ ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောငး သိရသည်။

ဆက်လက်၍ ဒေသခံများ၊ နယ်မြေခံ လူမှုကူညီရေးအသင်းများဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ရာ ည(၇)နာရီ (၂၄)မိနစ် အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ည (၇)နာရီ၊ (၃၁)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

“ရန်အောင်မှတ်တိုင်နားပေါ့။ အဲ့လမ်းက အရမ်းကျဉ်းတယ်။ အပေါ်ဆုံးထပ်မှာ လောင်တာဆိုတော့ မြင်နေရတယ်။ မီးတော်တော်များမယ့်ပုံပါ။ မီးသတ်ကားတွေရော Ambulance တွေရော အများကြီး သွားတယ်။ ဝိုင်းငြှိမ်းနေတာ ခုတော့ ငြိမ်းသွားပြီ။ ဘယ်ကစ လောင်တယ်တော့ မသိရပါဘူး။”ဟု အနီးနားဝန်းကျင်ရှိ ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်မှု ဖြစ်စဉ်ကြောင့် လူ/ တိရိစ္ဆာန် ထိခိုက်မှု တစ်စုံ တစ်ရာ မရှိခဲ့ဘဲ ဆုံးရှုံးမှုတန်ဖိုးနှင့် မီးလောင်မှု အကြောင်းရင်းကို မီးသတ်တပ်ဖွဲ့မှ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here