ကော့သောင်းနယ်စပ်ဂိတ်တွင် ပုံမှန်အတိုင်း ပြန်လည်ထွက်ခွါခွင့်ပြုနေ

0
209

တနင်္သာရီတိုင်း၊ ကော့သောင်းမှ ထိုင်းနိုင်ငံ ရနောင်းမြို့ထံ နယ်စပ်ဖြတ်ကျော်ထွက်ခွာခွင့်ကို စက်တင်ဘာလ ၃ ရက် နေ့ကစ၍ ဒေသအာဏာပိုင်များက ပုံမှန်အတိုင်း ပြန်လည်ခွင့်ပြုပေးထားကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်ကနေ နယ်စပ်ဖြတ်ကျော် ထွက်ခွာခွင့်ကို စက်တင်ဘာ ၂ ရက်မှစတင်ပြီး နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်ဖြင့်သွားခွင့်မပြုတော့သည့် သတင်းများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

နောက်တစ်ရက်အကြာ စက်တင်ဘာ ၃ရက်မှာတော့ အားလုံးကို ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်းဒေသခံတစ်ဦးကလည်း ၄င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် မျှဝေထားသည်။

ထို့အပြင် ကော့သောင်းနယ်စပ်ဂိတ်မှ နယ်စပ်ဖြတ်ကျော် ထွက်ခွာခွင့်ကို ပိတ်ဖို့ ညွှန်ကြားထားခြင်း မရှိကြောင်းလည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အကြီးတန်းအရာရှိ တစ်ယောက်က ပြည်တွင်းမီီဒီယာတခုကို ဖြေကြားထားသည်။

မြန်မာနယ်စပ်မှ တဆင့် ထိုင်းနိုင်ငံဘက်ကို ယခုနယ်စပ်ဂိတ်အပါအဝင် မြဝတီ-မဲဆောက်နှင့် တာချီလိတ်-မယ်ဆိုင် ဂိတ်များမှ ခုနစ်ရက်သက်တမ်းရှိသည့် ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်၊ နှစ်နှစ်သက်တမ်းရှိ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ၊ အလည်အပတ် နိုင်ငံကူးလက်မှတ်၊ အလုပ်အကိုင် နိုင်ငံကူးလက်မှတ် စသည့် အမျိုးအစားများနှင့် နယ်စပ်ဖြတ်ကျော်သွားလာခွင့်ပြုထားခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here